D-6
"မနေ့က အိပ်ဖြစ်လား"
ကဗျာစာအုပ်ခေါင်းစဉ်တွေကို ဂရုတစိုက် လိုက်ဖတ်နေတုန်း၊ နားအဖျားအနီး ပျံ့လွင့်လာတဲ့ အနောက်က လေသံဖျော့တစ်ခုကြောင့် စိမ့်ခနဲ ကျောချမ်းသွားတယ်။ ကိုင်ထားတဲ့ စာအုပ်တစ်အုပ်တောင် သတိလက်လွတ်နဲ့ ဟိုးအောက် ပြုတ်ကျသွားတဲ့အထိပဲ။
"မနေ့က အိပ်ဖြစ်လားလို့"
ညက တစ်ညလုံး ချောင်းဆိုးနေလို့ အိပ်မရပါဘူးဆိုမှ၊ မနက်စောစောစီးစီး ဒေါသ နားထင်ဆောင့်တက်အောင် လာလုပ်နေတဲ့ ကျေးဇူးရှင်မလေး။
ထွေနောက်လာတဲ့ စိတ်အစုံနဲ့ မျက်ခုံးတန်းတွေကို ကွေးညွတ်ရင်း လှည့်ကြည့်လိုက်တယ်။
အခုမှ မနက် ၈ နာရီခွဲကျော်ကျော်လေး ရှိသေးတာ၊ ဒင်းက ထပ်ပြီး ဘာပြဿနာရှာချင်နေပြန်ပြီလဲ။"ဟယ် အံ့သြပါ့ သူများ ကိုယ်ရေးကိုယ်တာကို အဲ့လောက်ကြီး ဘွင်းဘွင်းရှင်းရှင်းတော့ လာမမေးနဲ့လေ Nahee ssi"
ဇာတ်လမ်းတွဲထဲက သောက်ကျင့်ယုတ်မတွေ ပဲများပြီး ဒေါသထွက်ပြသလိုမျိုး Nahee ဟာ နှာခေါင်းထဲက လေတစ်ချက် မှုတ်ထုတ်ရင်း လှောင်ပြုံး ပြုံးတယ်။
"ကိုယ်ရေးကိုယ်တာ တဲ့.. ဟိုက စိတ်ပါလား မပါလားတောင် မသိဘဲ အရက်မူးနေလို့ အသားယူလိုက်တာကိုများ... အဲ့ဒါ ထောင်ချပစ်လို့ရတယ်ဆိုတာရော သိလား"
"အဟားး"
ပြုတ်ကျသွားတဲ့ ခပ်ပါးပါး ကဗျာစာအုပ်ကို ကောက်ယူရင်း ကျွန်မ ရယ်မိတယ်။
ကိုယ့်ရည်းစား ကိုယ် အသားယူတာများ ဘယ် ရဲစခန်းမှ ကြောက်နေစရာ မလို။"Nahee ssi... ဒီမှာ... ကျွန်မ နေသိပ်ကောင်းတာ မဟုတ်ဘူး... အဲ့ဒါကြောင့် တောင်းဆိုပါတယ်.. မနက်စောစောစီးစီးကို ရန်လိုက်မစပါနဲ့... စကားတွေလည်း အများကြီး မပြောနိုင်ဘူး"
"နေမကောင်းဘူးလား
ဘာရောဂါဖြစ်နေတာလဲ"အရောင်လက်လာတဲ့ မျက်ဝန်းတစ်စုံနဲ့ ခပ်သွက်သွက် လှမ်း မေးတယ်။ ပုခုံးပေါ် တင်နေတဲ့ အနီရောင်ဆံပင်တွေကိုလည်း လှစ်ဆို ခါလိုက်သေးတာ။ စိတ်ပျက်ပျက်နဲ့ မျက်ဆံတွေကို အပေါ်လှန်တင်ပြီး ဆံပင်အနီမကို ကျွန်မ ဆတ်ခနဲ ကျောခိုင်းလိုက်တယ်။ ဒင်း လာနှောင့်ယှက်နေတာနဲ့ပဲ ရှာနေတဲ့ 3:00 AM စာအုပ်လေးတောင် တွေ့တော့မှာ မဟုတ်။