"ဟဲ့ !!!!!
နင် အခု ဘယ်သူ့ကိုလာပြီး အဒေါ်ကြီးလို့ ခေါ်နေတာလဲ"မျက်လုံးကြီး ပြူးပြီး ကုန်းအော်ပစ်တဲ့အခါ ငါးနှစ်သာသာ ထို ကလေးရဲ့ ပုခုံးနှစ်ဖက် ဆတ်ခနဲတုန်တက်ရင်း မျက်နှာလေးကလည်း ငိုတော့မလို မဲ့တဲ့မဲ့တဲ့ ဖြစ်သွားတယ်။
အသက် သုံးဆယ်အရွယ် မိန်းမတစ်ယောက်ကို အသက် ငါးနှစ်အရွယ် ပိစိ ကလေးလေးက "အဒေါ်ကြီး"ခေါ်လိုက်လို့ သေမလိုတွေ ဒေါသ ထွက်ပြနေတဲ့ လူ ဆိုတာလည်း ဒီလောကမှာ ကျွန်မ တစ်ယောက်တည်းပဲ ရှိမယ် ထင်။
တကယ်၊ ဒါဟာ တကယ် ဘယ်လိုတောင် ရူးချင်စရာကောင်းတဲ့ အခြေအနေကြီးလဲ။ သူနဲ့ တစ်ခါထပ်ပြီး လက်ထပ်ဖို့ဆိုရင် ကျွန်မက နောက်ထပ် နှစ်ဆယ့်ငါးနှစ် ထပ်စောင့်မှ ဖြစ်မှာလား။
ဒီဘဝမှာ သူအသက်သုံးဆယ် ပြည့်သွားရင်
ကျွန်မ အသက်က ငါးဆယ့်... ... ။ဟင့်အင်း၊ တော်ပြီ။
အတွေးတွေကို ဒီနေရာမှာတင် ရပ်တန့်လိုက်သင့်ပြီ။"ဟဲ့... ဘေးနား အတင်းလာလာကပ်မနေနဲ့...
ငါမွေးရင် ငါ့သားလောက်ပဲ ရှိမယ့်အရွယ်လေးကို တစ်ချိန်လုံး ပစ်မှားနေမိပြီဟဲ့"ဘာတွေ ပြောနေမှန်း တစ်လုံးမှ နားလည်ပုံ မပေါ်သော Nam Woohyun ပူတူတူး Version လေးဟာ ဟိုဘက်နားကို ထွက်သွားဖို့ အတန်တန် အမိန့်ပေးလည်း စကား နားမထောင်ဘဲ ကျွန်မခြေထောက်နားတစ်ဝိုက်တွင်သာ ကုပ်ကုပ်ကလေး လာငြိမ်သက်နေတယ်။
"နင် ကစားချင်တယ်ဆိုလို့ ငါ ဒီ ကစားကွင်းကို ခေါ်လာပေးတာလေ... ဟိုမှာ နင့်သူငယ်ချင်းတွေ မဟုတ်ဘူးလား... သူတို့ဆီ သွားတော့ မြန်မြန်"
"ဟင့်အင်း သားက အဒေါ်ကြီးနဲ့ပဲ ကစားချင်တာ"
ဒီ သောက် ကလေး....။
"ဟဲ့... ငါ့ကို အဒေါ်ကြီးလို့ မခေါ်ပါနဲ့ဆိုမှ... သေချင်နေလား"
နှုတ်ခမ်းသေးသေးလေးကို အရှေ့ထော်လိုက်တဲ့အခါ နီရဲနေတဲ့ သူ့ပါးမို့မို့လေးနှစ်ဖက်က သိသိသာသာ ပို ဖောင်းသွားတယ်။
"ဟုတ်ကဲ့ မမ... တောင်းပန်ပါတယ်"
မမ လို့ ခေါ်ရင်း မျက်လွှာလေးတွေကို သူက အောက်ငုံ့ချလိုက်တယ်။ တစ်ခဏလောက်၊ ကျွန်မ အကြည့်တွေ ဘယ်နေရာကိုမှ မရှောင်ဖယ်နိုင်တော့ဘူး။ အရမ်း အသည်းယားလွန်းလို့ အော်တောင် ငိုချင်လာတယ်။ ဘုရားရေ။ Nam Woohyun လေးက ဟိုးငယ်ငယ်ကတည်းက ဒီလိုမျိုး တအား ချစ်ဖို့ကောင်းခဲ့တာတဲ့လား။