".... မင်း ကိုယ်ရှေ့မှာ မပြုံးတော့ဘူး"
ခြောက်သွေ့နေသော လည်ချောင်းအတွင်းကနေ မဝံ့တရဲ ခုန်ထွက်စေလိုက်တဲ့ အက်ကွဲကွဲရေရွတ်သံ တိုးတိုးလေး။
အပြစ်ရှိစွာဖြင့် မျက်လွှာတွေကို ကျွန်မ အောက်ချထားမိတယ်။
ကော်ဖီဆိုင်ရဲ့လေထုက သိပ်ပြီး သဘောကျချင်စဖွယ် မကောင်းအောင် ကသိကအောက် နိုင်နေတာ ခံစားရတယ်။ ဒါပေမယ့် ကသိကအောက်နိုင်နေတဲ့ အဲ့ဒီ လေထုက ဒီကော်ဖီဆိုင်နဲ့ မသက်ဆိုင်ဘဲ ကျွန်မရယ် စီနီယာရယ် နှစ်ဦးတည်းအတွက်ပဲ တကူးတက ရည်ရွယ်ထားပုံ ရတာကြောင့် အတုအယောင်ကမ္ဘာကြီးဟာ တစ်စတစ်စ ပိုလို့ အနေခက်စရာ ကောင်းလာတယ်။
"ကိုယ် အရူး မဟုတ်ဘူး..
... ကိုယ်.. အားလုံး သိတယ်""........"
"သဲရဲ့ စိတ်က ကိုယ့်ဆီမှာ မရှိတော့ဘူးဆိုတာ...
အဲ့ဒါကြောင့် ကိုယ်နဲ့ အဝေးမှာ နေပြီး ဒီ ဆက်ဆံရေးကို ဘယ်လို အဆုံးသတ်ရကောင်းမလဲ စဉ်းစားနေတယ်ဆိုတာ...""စီနီယာ"
တစ်ခုခုကို ကြားဖြတ်ပြီး ပြောချင်လို့ မဟုတ်ဘဲ၊ ဘယ်လိုစကားလုံးတွေနဲ့ နှစ်သိမ့်ရကောင်းမှန်း မသိတော့လို့၊ သူ့အား ရည်ရွယ်သော ခေါ်သံတစ်ခုကိုသာ ယိုင်နဲ့နဲ့ အသက်သွင်းမိတယ်။
တာဝန်အရ မှာယူထားတဲ့ ကော်ဖီနှစ်ခွက်ကတော့ အခိုးအငွေ့တွေ ပျောက်ဆုံးရင်း စားပွဲခုံပေါ်၌တင် အေးစက်နေနှင့်ပြီ။တကယ်လို့များ အခု ကျွန်မ အရှေ့မှာ ရှိနေတဲ့ ဒီ ယောက်ျားက စီနီယာ မဟုတ်ဘဲ Woohyun သာ ဖြစ်နေခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ ဆိုသော အတွေးက ကျွန်မနှလုံးသားထဲ ရုတ်တရက် စိမ့်ဝင်လာတယ်။
အကြောင်းတစ်ခုခုကြောင့်၊ ဒါမှမဟုတ် အခြား လူတစ်ယောက်ကြောင့် Woohyun ကို ကျွန်မ စွန့်ပစ်ရမယ်ဆိုရင်။ အဲ့လို စွန့်ပစ်တော့မယ်ဆိုတဲ့အကြောင်းကို ကျွန်မရဲ့နှုတ်ကနေ Woohyun ကို တိုက်ရိုက် ထုတ်ပြောရမယ်ဆိုရင်။
ရူးသွားတာထက်၊ မီးနဲ့ မြှိုက်ခံရတာထက် ပိုဆိုးတဲ့ ခံစားမှုမျိုးကို၊ ဧကန္တ သူ ခံစားရလောက်မယ် ထင်တယ်။နွမ်းလျနေတဲ့ စီနီယာက ကျွန်မ မျက်လုံးတွေထဲ တန်းတန်းမတ်မတ် ငေးမနေတာကို သတိထားမိတယ်။ အဲ့လိုဆိုပေမယ့်၊ အလင်းရောင် ဖျော့လျော့လာသော အဲ့ဒီ ဆိုင် အပြင်ဘက်မှ တဝှီးဝှီး မောင်းနှင်နေဆဲ ကားများရဲ့ နောက်ကို အကြည့်တွေ လျှောက်လိုက်နေတာမျိုးလည်း မဟုတ်။