Episode-7

1.1K 158 77
                                    

"သောက်သောက်.. ပရော်ဖက်ဆာ Nam ..
တစ်ကျိုက်တည်းနဲ့ မော့သောက်လိုက်"

မက်ဂျူနဲ့ ဆိုဂျူကို အချိုးညီညီ ရောနေတုန်း Joo Sungyoon ဆိုတဲ့ ဟို ပါမောက္ခ အဘိုးကြီးရဲ့ တဆာဆာ အော်နေသံကို လှမ်းကြားတာမို့ မျက်မှောင်ကုတ်လိုက်မိတယ်။

ဒီနေ့က ပထမနှစ် ကျောင်းသားတွေအတွက် ကြိုဆိုပွဲ ရှိတာမို့ မနက်ကတည်းက ညအထိ သောင်းကျန်းကြမယ့်ပုံ ပေါ်တယ်။
ပထမနှစ်ကလေးတွေက ဟိုဘက် နှစ်တိုက်ကျော်က အမဲသားကင်ဆိုင်မှာ ပါတီ လုပ်နေပေမယ့် အဲ့ဒီဆိုင် နေရာပြည့်သွားလို့၊ ကျွန်မတို့ ဒုတိယနှစ်နဲ့ တတိယနှစ်တွေက နည်းနည်း နေရာပိုကျယ်တဲ့ ဟောဒီ အရက်ဆိုင်မှာ လာအခြေချနေရတာ။

ဟိုဘက်ဆိုင်မှာ ပါမောက္ခတစ်ချို့တစ်လေ ကျန်နေခဲ့သလို ဒီဘက်ဆိုင်ကိုလည်း ပါမောက္ခတစ်ချို့တစ်လေ ကပ်ပါလာတယ်။ ပြီးတော့ ဒီဘက်ကို ရောက်လာတဲ့ အဲ့ဒီ ပါမောက္ခတစ်ချို့တစ်လေထဲမှာ Nam Woohyun လည်း ပါနေတာမို့ နည်းနည်းတော့ စိတ်အေးသွားရတာ အမှန်ပဲ။

"ထပ်သောက်ပါဦးဗျာ.. တစ်ရက်တစ်လေလေး ပျော်ပျော်ပါးပါးပေါ့... ရော့ ရော့"

ဆိုဂျူကို ခွက်အပြည့် လောင်းထည့်ပြီး ပါမောက္ခ Joo က သူ့လက်ထဲ အတင်း ထပ်ကမ်းပေးတယ်။
ကျွန်မတို့နဲ့ သူတို့ပါမောက္ခတွေ ထိုင်နေတဲ့ ဝိုင်းချင်း မတူပေမယ့် ကျောချင်းကပ်ရပ် ဖြစ်နေတာမို့ ပြောသမျှကို အကုန် ကြားနေရတယ်။

ကျွန်မထိုင်နေတဲ့ဝိုင်းမှာ ချစ်လှစွာသော Nahee လည်း ရှိတယ်။
သူ့ကို မနက်တိုင်း ကားပါကင်မှာ ဖိုက်တင်းလာလာလုပ်ရင်း ကော်ဖီဗူးလာပေးနေတဲ့ ကောင်မလေးတစ်ချို့လည်း ရှိတယ်။
အဲ့ဒါမို့ ကျွန်မထိုင်နေတဲ့ ဝိုင်းမှာရှိတဲ့ လူအကုန်လုံးလိုလိုဟာ တစ်ဦးနဲ့တစ်ဦး စကားမပြောဖြစ်ကြပဲ အနောက်က ပါမောက္ခဝိုင်းဘက်ကိုသာ လည်တမျှော်မျှော် လုပ်နေမိကြတာ အရမ်းသိသာတယ်။ (ကျွန်မပါ အပါအဝင်။)

သူ့မျက်နှာက သိပ်ပြီး အဆင်ပြေနေဟန်တော့ မပေါ်ဘူး။

အိမ်မှာ ပြန်အိပ်ချင်ပေမယ့် အားနာလို့သာ ဒီမှာ ဆက်ထိုင်နေရသလို ပုံ ပေါက်နေတယ်။
အခုဆို သူ သောက်နေတာ ငါးခွက် ခြောက်ခွက်လောက် ရှိပြီ။ ဒါကိုတောင် ပါမောက္ခ Joo ထည့်ပေးတဲ့ ဆိုဂျူ နောက်တစ်ခွက်ကို ဖြည်းဖြည်းချင်း ထပ်မော့သောက်ပြန်တယ်။

Notice Me, Professor! (Completed)Where stories live. Discover now