Episode-12

1.1K 148 69
                                    

သူ့ရဲ့ ကိုယ်သင်းနံ့ဖျော့ဖျော့လေးကို ကျောနောက်ဘက်ကနေ ရတယ်။

ဟိုတယ်မှာ တစ်ယောက်တည်း ရှိနေတဲ့ ညတွေဆို ဒီလိုမျိုး ကယောင်ခြောက်ခြားနဲ့ စိတ်ထင်ရာတွေ လျှောက်ထင်နေတတ်တာ သဘာဝမို့ မျက်လုံးနှစ်ဖက်ကိုပဲ ဆက်မှိတ်ထားလိုက်တယ်။

အိပ်ရမှ ဖြစ်မယ်။

ဒီနေ့ ကြားခဲ့၊ ကြုံကြိုက်ခဲ့ရတဲ့ သတင်းတွေက ခံနိုင်ရည် မရှိအောင် ဆိုးရွားလွန်းတယ်။ ကြောက်စရာကောင်းတဲ့ အတွေးတွေ တွေးမနေမိအောင် ခဏလေးပဲ ဖြစ်ဖြစ် အိပ်ပျော်သွားမှ ဖြစ်မယ်။

တစ်ခု သတိထားမိတာ ဟိုတယ်ကုတင်က အစကတော့ ဒီနေ့လောက် မနွေးဘူး။
ဒီနေ့ကျမှ ထူးထူးဆန်းဆန်းပဲ ရင်းနှီးနေတဲ့ အငွေ့အသက်မျိုးနဲ့ နွေးထွေးနေတယ်။
ဒါပေမယ့်လည်း စိတ်က သက်တောင့်သက်သာနိုင်မနေတော့ အိပ်လို့မပျော်ဘူး။

မျက်လုံးတစ်စုံကို ကျစ်နေအောင် မှိတ်ပြီး ခေါင်းအုံးထဲ မျက်နှာ တိုးဝှက်လိုက်တယ်။

ဒီဟိုတယ်ရဲ့ ဒီအခန်းမှာ ကျွန်မ တစ်ယောက်တည်း ရှိနေခဲ့တာ။
အသားကျနေတဲ့ အထိအတွေ့တစ်ခုက ဝမ်းဗိုက်ကို အနောက်ကနေ သိုင်းယှက်လာတာ သိလိုက်ရတဲ့အချိန်မှာတော့ ကျွန်မက ရုတ်တရက် တစ်ယောက်တည်း မဟုတ်တော့ဘူး။

အရမ်း လန့်သွားတာမို့ အခုန် မြန်လာတဲ့ နှလုံးသားတစ်စုံနဲ့ ကျောအနောက်ဘက်သို့ ဆတ်ခနဲ လှည့်ကြည့်မိတယ်။

ကျောပြင်နဲ့ ကပ်ကပ်ကလေး ရှိနေတဲ့ မျက်နှာတစ်ခုကို မမျှော်လင့်ဘဲ မြင်လိုက်ရခိုက်၊ အံ့သြမှုနဲ့ နှလုံးခုန်နှုန်းတွေ နှစ်ဆ ပို အာဏာပြင်းသွားတယ်။

"ပရော်...ဖက်ဆာ"

"........ဟင်?"

အကျွမ်းတဝင် မရှိတဲ့ စကားလုံးအသစ်တစ်ခုကို ကြားယောင်လိုက်ရသလို ပုံစံမျိုးနဲ့ အိပ်ချင်မူးတူးနိုင်စွာ ဖွဖွ ကြုတ်လိုက်သော မျက်မှောင်တွေ။

"ဘာကြီး ?"

မျက်မှန်တစ်လက် ကားဆီး မထားတဲ့ အညိုရောင် မျက်ဝန်းလေးတွေက ကျွန်မ မျက်နှာနဲ့ ပို နီးကပ်လာလေလေ အဲ့ဒီမျက်ဝန်းလေးတွေရဲ့ အဓိပ္ပာယ်ကို ကျွန်မ ပိုပြီး နက်နက်နဲနဲ နားလည်လာနိုင်လေလေ။

Notice Me, Professor! (Completed)Where stories live. Discover now