"ပုံစံက တကယ် ဘာဖြစ်နေတာလဲဟာ"
ကားမှန်ထဲကနေ ကိုယ့်ရုပ်ကိုယ်ငေးကြည့်ရင်း ငြီးငြူမိတယ်။
မျက်နှာလေးက ဆယ်နှစ်စာလောက် ပိုနုသွားတာကိုတော့ ကျေးဇူး အရမ်း တင်ပေမယ့် တန်းလန်းတန်းလန်း နားဆွဲတွေရယ်၊ သိသာတဲ့ မျက်ကပ်မှန် အရောင်တောက်တောက်တွေရယ်၊ ထူထဲနေတဲ့ မိတ်ကပ်တွေရယ်၊ အဆိုးဆုံးကတော့ လှိုင်းထနေတဲ့ ဟောဒီ ကောက်လိမ်လိမ် အညိုရောင်ဆံပင်တွေ။ ပြောရရင် ဒါတွေ အားလုံးက ကျွန်မ စတိုင်လည်း မဟုတ်။
ပြီးတော့ အခုနက သူ့ကို ကျွန်မ တွေ့လိုက်တယ်။ ဒီဘက်ကမ္ဘာမှာ ကျွန်မဟာ ကျွန်မနဲ့ မတူသလို၊ သူဟာလည်း သူနဲ့ လုံးဝ မတူဘဲ ရှိနေတယ်။
နေရင်းထိုင်ရင်း Nam Woohyun ရဲ့ လူကြီးလူကောင်းဆန်စွာ တည်ငြိမ်နေတဲ့ ပုံကို မြင်ရတာ နည်းနည်းလေး ကသိကအောက် ဖြစ်စရာကောင်းတယ်။ အဲ့ဒါထက် ပို ကသိကအောက် ဖြစ်စရာကောင်းတာကတော့၊ ကျွန်မ ကယ်ပေးလို့ လူပျိုဘဝကနေ ကျွတ်ခဲ့တဲ့ ကောင်ဟာ ဒီဘက် ကမ္ဘာမှာ စော်ကြည်ဘဲ လာဖြစ်နေသော အဲ့ဒီ အချက်။
ကားကို ကွေ့ပြီး သူ့အိမ်ဘက် မောင်းချလာခဲ့တယ်။
ဘာပဲပြောပြော ဒီဘက်ကမ္ဘာမှာလည်း ကျွန်မဟာ သူ့ရည်းစားပဲဆိုတဲ့ သေချာမှု တစ်ခုတော့ ရှိနေတယ်။
အခုနက လူတွေကြားမှာမို့ မမြင်ချင်ယောင်ဆောင်သွားတာ ဖြစ်နိုင်တယ်။ ဟုတ်တယ်။ တစ်အောင့်နေ အိမ်ကို ပြန်လာမှ သူ ကျွန်မကို ကြင်ကြင်နာနာ ဆက်ဆံလိမ့်မှာ။ခပ်ရေးရေးလေး ပြုံးပြီး လျှို့ဝှက်နံပါတ် ရိုက်ထည့်လိုက်တယ်။ သို့သော် "နံပါတ်မှားနေပါတယ်"လို့ ပြန် အအော်ခံလိုက်ရတာမို့ ရုတ်တရက် မျက်လုံး ပြူးသွားတယ်။
1 ငါးခါ ပေါင်းရင် 5 ရတယ်ဆိုပြီး (111115) ကို Lockscreen password ကအစ အိမ်တံခါး လျှို့ဝှက်နံပါတ်အဆုံး ထားမှန်း သိနေတာတောင် ဘာကြောင့် ဒီစက်က နံပါတ်မှားနေတယ်လို့ အော်နေတာပါလိမ့်။ ကမ္ဘာချင်း မတူတော့လို့ 1 ငါးခါ ပေါင်းရင် 5 မရတော့တာများလား။
ကျွန်မ လက်မလျှော့သေးဘူး။
သူ့မွေးနေ့ကို ရိုက်ထည့်ကြည့်တယ်။