အခန်းက မှောင်မှောင်မည်းမည်းကြီး။
မီးရောင် လုံးဝ မရှိတာတော့ မဟုတ်ပေမယ့်၊ ရှိနေတဲ့ မီးရောင်တစ်ခုနှစ်ခုကလည်း တကယ်ကိုမှ မှိန်ပျပျ။
လက်ထဲမှာ ကိုင်ထားတဲ့ ချူလုံးလိိုလိုဘာလိုလို အရာတွေကို တယမ်းယမ်း ဆွဲလှုပ်နေတာကြောင့် တချွင်ချွင်အသံများ ဆူညံမြည်ဟည်းနေရုံမက၊ ပါးစပ်ကလည်း ပွစိပွစိနဲ့ ဘာတွေ ရွတ်လို့ရွတ်နေမှန်းမသိ။
ခေါင်းမူးလာတာရော နားငြီးလာတာရောနဲ့ ပေါင်းပြီး မတ်တပ် ထရပ်မလို့ လုပ်ပေမယ့်၊ အဲ့အချိန်မှာ ပုခုံးပေါ်ကို လက်တစ်ဖက်က ဆတ်ခနဲ အတင်း လာဖိတယ်။
" ထိုင်နေစမ်းပါ
ဒီရက်ချိန်းရဖို့ ဘယ်နှစ်လကြိုယူထားရလဲ သိလား "မျက်စိနှစ်ဖက်ကို အကြောလိုက်သလို မှိတ်ထားတဲ့ မိတ်ကပ် အဖွေးသားနဲ့ ထို ပုဂ္ဂိုလ် ကြားမသွားအောင် အမေက နှစ်ကိုယ်ကြားလေသံနဲ့ သူ့ရဲ့ အနားနား လာကပ်ပြောရင်း ဟန့်တားတယ်။
တစ်အောင့်နေရင် အတန်းချိန်နှစ်ချိန် ဝင်ဖို့ ရှိသေးတယ်လို့ မျက်မှောင်တွေကုတ်ကာ အထွန့်တက်လည်း ဘယ်လိုမှ နားထဲမဝင်။
စိတ်ရှုပ်နေတာရယ် အခန်းထဲမှာ လှောင်လွန်းတာရယ်ကြောင့် သူ့ကျောကုန်းတစ်ပြင်လုံးနဲ့ လည်ပင်းတစ်ဝိုက်မှာလည်း ချွေးတွေ ရွှဲနစ်နေပြီ။" ဆရာမ... ဒီနှစ်ထဲ စွွံမယ့်ကိန်း မြင်..မြင်လားဟင် "
ဂုတ်ပေါ်က ချွေးတွေကို လက်ဖဝါးနဲ့ ဖိသုတ်လို့ သူ လေ မှုတ်ထုတ်မိတယ်။
ဆရာမ ဆိုတဲ့ ဟိုပုဂ္ဂိုလ်ကတော့ မျက်လုံးကြီး စွတ်မှိတ်ထားရင်း အမှောင်ကမ႓ာထဲမှာ ရေကူးသလို ဖြစ်နေတုန်း။
အလင်းရောင် လောက်လောက်ငှငှ မရတဲ့ အလုံပိတ်အခန်းကျဉ်းတွေက သူ့ရဲ့စိတ်အခြေအနေအတွက် သိပ်ပြီး ကောင်းကျိုးမပေးတာမို့ ဒီအရပ်ကနေ မြန်မြန် ရှောင်ထွက်ချင်စိတ်တစ်ခုသာ ရင့်သန်နေတယ်။ သို့သော်၊ အမေ့ရဲ့ မျက်လုံးနှစ်ဖက်ဟာတော့ ဆက်ပြီး တလင်းလင်းတလက်လက်။" ဆရာမ... စွံကိန်း... ရှိ...မရှိ... "
မျက်လုံးကြီး ပြူးခနဲ ပြန်ပွင့်လာကာ၊ လက်ချောင်းထဲ ထွေးဆုပ်ထားတဲ့ ချူလုံးတွေကို အရှေ့က စားပွဲပေါ် ကြမ်းတမ်းတဲ့အရှိန်နဲ့ ဆောင့်ချလိုက်တာမို့ အမေ့အသံတွေ ခြောက်ခြားစွာ တိတ်ဆိတ်ကုန်သလို သူကိုယ်တိုင်လည်း ဆတ်ခနဲ တုန်သွားတယ်။