D-13
ဘဝက ရှုပ်ထွေးတယ်။
မြည်လာမှန်း သိနေပေမယ့် စာသင်ခန်း အဝင်မှာတင် တမင်သက်သက် ဖုန်းချပစ်လိုက်တဲ့ ကျွန်မရဲ့ တည်ရှိမှုကတော့ စီနီယာ Sungkyu အတွက် ပိုပြီး စိတ်ရှုပ်ထွေးစရာ ကောင်းနေလိမ့်မှာ အသေအချာ။
"တောင်းပန်ပါတယ်.. ဒီထိပ်နားလေးမှာ အက်စီးဒန့် တစ်ခု ဖြစ်သွားလို့ နောက်ကျသွားတာပါ"
အဖက်လေးများ အလုပ် ခံရလို ခံရငြား ဆိုပြီး မျက်နှာငယ်လေးနဲ့ ပရော်ဖက်ဆာဆီ မော့ကြည့်ရင်း၊ ဟိုတစ်နေ့က ဟို ဆံပင်အနီရောင် ကောင်မလေး ပေးတဲ့ ဆင်ခြေကို Credit မပေးဘဲ ကျွန်မ မဲ့တဲ့တဲ့လေး ခိုးချမိတယ်။
အောက်ခံအဖြူရောင်တီရှပ်ပေါ်ကနေ ခန္ဓာကိုယ်နဲ့ တစ်ထပ်တည်း ဖြစ်နေတဲ့ အမည်းရောင်ကုတ်ကို သူက ဒီနေ့ ကျော့ကျော့မော့မော့လေး ဆင်မြန်းထားတယ်။ သို့သော် ငွေရောင်မျက်မှန်ဘောင်ကြားက တည်ငြိမ်နေတဲ့ မျက်လုံးနှစ်လုံးဟာ အရှေ့တည့်တည့်က Laptop ထဲတွင်သာ ရှိနေပြီး၊ ဘေးဘီဝဲယာသို့ သတိလက်လွတ်ပင် အကြည့် ပျံ့လွင့်မလာ။
"ဟုတ်ကဲ့ မြန်မြန် ဝင်ထိုင်ပါ"
ယောင်ယမ်းပြီးတော့တောင် "ထိခိုက်သွားသေးလား" လို့ စိုးရိမ် မပေးတာမို့၊ ပါးစပ်လှုပ်ပြီး ပွစိပွစိ ဆဲမိပြန်တယ်။
ဒီနေ့တော့ ကံကောင်းစွာနဲ့ပဲ အရှေ့က ခုံတန်းမှာ နေရာလွတ်နေတာမြင်တယ်။
သူ့မျက်နှာကို စာသင်ချိန်တစ်လျှောက်လုံး အနီးကပ် ငေးကြည့်ခွင့်ရှိတာလည်း နည်းတဲ့ ကံလားလို့ မှတ်ယူကာ၊ စာသင်တဲ့ စင်ရဲ့ အရှေ့တည့်တည့်လောက် ကျမယ့်နေရာမှာ ကျွန်မ ဝင်ထိုင်လိုက်တယ်။("ကျွန်မကို နမ်းပါ ပရော်ဖက်ဆာ")
သူ့ရဲ့ သွေးပျက်ထိတ်လန့်သွားတဲ့ မျက်နှာကြီးကို ပြန်မြင်ယောင်ရင်း ခွိခနဲ ရယ်မိသွားတာကြောင့် အသံကျယ်ကျယ် မထွက်ခင် ပါးစပ်ကို လက်သီးဆုပ်နဲ့ ဖိပိတ်လိုက်တယ်။
စာသင်နေတဲ့ တစ်နာရီခွဲလုံးလုံးမှာ သူနဲ့ ကျွန်မ မျက်လုံးချင်း ငါးခါလောက် ဆုံတာကို သတိထားမိတယ်။