အချိန်တော်တော်ကြာအောင် တစ်နေရာတည်းမှာပဲ ငြိမ်ငြိမ်သက်သက် ကုပ်တွယ်လို့ နေတဲ့ သူ့ မျက်လုံးညိုညိုတွေက အရမ်းကို လှလွန်းတယ်။
လွှဲပြောင်းသွားခြင်း မရှိဘဲ သူ တိတ်ဆိတ်စွာ အခြေတည်နေသော အဲ့ဒီနေရာဟာ ကျွန်မရဲ့မျက်နှာတစ်ပြင် ဖြစ်နေတာကြောင့် စက္ကန့်တိုင်းကလည်း တကယ်ကိုမှ ခမ်းနားလွန်းတယ်။နှုတ်ခမ်းနှစ်လွှာကို အသာ ဖွင့်ဟရင်း ကျွန်မ ထပ်ပြုံးပြလိုက်တယ်။
မျက်ခုံးပေါ် ခပ်အုပ်အုပ် ဝဲကျနေတတ်တဲ့ အလယ်ခွဲ ဆံပင်တွေကို ဒီနေ့တော့ အပေါ်လှန်တင်ထားတာမို့ သူဟာ ခါတိုင်းထက် ပို ကြည့်ကောင်းနေသလိုပဲ။
" အဲ့ဘက်ကတစ်ယောက်က ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ "
သူက တကယ် အရမ်း အံ့သြနေတဲ့ ပုံစံမျိုး။
သူပဲ အမြင်မှားပြီး နိုင်ငံခြားသူတစ်ယောက် နေရာမှာ ကျွန်မ မျက်နှာကို ကယောင်ကတမ်း တွေ့နေရတာ ဖြစ်မလား လို့ တွက်တွက်ဆဆ တွေးနေတဲ့ ပုံနဲ့ ကိုးရီးယားစကားကို တစ်လုံးချင်း ပြောတယ်။
" အစ်မ သုံး..သုံးဝမ်းကွဲက ဒီမှာ နေလို့လေ..
အဟီးးး "နိုင်ငံခြား သွားတာ သိပြီးပြီးချင်း လေယာဉ်နဲ့ တန်းလိုက်လာတယ်လို့ ဝန်ခံလိုက်ရင် အရမ်းကြီး သိက္ခာ ကျသွားမလား ဆိုပြီး ပါးစပ်ထဲ ရှိရာ လျှောက်ပြောမိမှပဲ၊ သူ့မျက်မှောင်တွေ တင်းခနဲ ကြုတ်သွားတော့တယ်။
" တိုက်ဆိုင်လိုက်တာနော်... အံ့သြစရာကြီး... ဘယ်လိုလုပ် ငါးပြတိုက်မှာ လာတွေ့တာပါလိမ့်.. ဟီးဟီး "
ငါးပြတိုက်မှာ တွေ့တဲ့ တိုက်ဆိုင်မှုထက် တခြားနိုင်ငံတစ်ခုမှာ ဆိုက်ဆိုက်မြိုက်မြိုက် လာဆုံတဲ့ တိုက်ဆိုင်မှုက ပို သံသယ ဖြစ်စရာ ကောင်းတာမဟုတ်ဘူးလားလို့ သူက အသံတိတ် စဉ်းစားနေပုံ။
ပါးစပ်ကို အုပ်ပြီး တခစ်ခစ်နဲ့ ကျွန်မ ဟန်ဆောင်ပန်ဆောင် ရယ်မိသော်ငြား သူကတော့ မှုန်ကုတ်ကုတ် မျက်နှာကြီးနဲ့ ဘာမှ မပြောဘဲ ရပ်နေတယ်။
" ဒါနဲ့ ပရော်ဖက်ဆာက ဘာဖြစ်လို့ ငါးပြတိုက်ကို လာတာလဲဟင် "