ငြိုး.....(episode 13)
-------------------အတူယှဉ်တွဲနေလာခဲ့သူ၊ အရိပ်တကြည့်ကြည့် ဂရုစိုက်ပေးခဲ့သူ မျက်စိအောက်ကရုတ်တရတ်ပျောက်ကွယ်သွားမှ လစ်ဟာသွားမှုတစ်မျိုးကို သက်ပိုင်ခံစားမိတော့သည်။ သို့ရာတွင် ရိုက်ချိုးခံရသော သူ့မာနလေးကလည်း အခက်အလက်တွေပြန်ဝေဆာနေပြန်သည်။ ရွေးရခက်၊ ဝေးရခက်ဖြင့် လူတစ်ကိုယ် စိတ်နှစ်မျိုးတွေးကာ ကိုယ့်ကိုယ်ကိုလည်း မချင့်မရဲဖြစ်နေမိသည်။
တစ်ပတ်ခန့်အကြာ ကျောင်းအားသော စနေနေ့လေး၌ဖြစ်သည်။ တစ်နည်းအားဖြင့် ဥက္ကာကို မတွေ့ရသည်မှာ တစ်ပတ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ မတွေ့ရမနေနိုင်ဟု ဆိုဖွယ်ရာမရှိသော်လည်း အတွေးထဲမတော့ လွမ်းသသကလေး လွမ်းမိသည်ကို သက်ပိုင်ဝန်ခံရမည်။
ကိုနေမျိုးကို အကျိုးအကြောင်းမေးသော်လည်း သေချာရေရာသည့်အဖြေကို သက်ပိုင်မရခဲ့။ ဟိုတယ်သို့သွားလျှင်လည်း အတွေ့မခံဘူးဟူသည်ကိုသာ ပြန်ကြားသိရသည်။ ကိုနေမျိုးပြောခဲ့ဖူးသော 'ဥက္ကာတစ်ခုခုဖြစ်မှာ၊ မြင်ယောင်တယ်´ဟူသော စကားကိုအထပ်ထပ်ပြန်ကြားယောင်ရင်း တင်ဆည်းချင်သည့် မာနလေးကတစ်ဖက်၊ စိုးရိမ်မိသည့် ဝေဒနာလေးကတစ်ဖက်၊ မီးစာတစ်ဖက် ရေမှုတ်တစ်ဖက်ဖြင့် ဗြာပါဒတွေ ဝေနေရပြီ။
အိပ်ရာပေါ်လူးလိမ့်ရင်း အတွေးတွေရောက်ရက်ခက်နေသည့် နေ့လည်ခင်းပိုင်းအချိန်တွင် အိမ်ရှေ့ဆီမှ ဆိုင်ကယ်ဘရိတ်ဆွဲသံ အရှည်ကြီးတစ်ခုကို ကြားလိုက်ရသည်။ ကြားလိုက်ရသည်နှင့် လှဲနေရာမှ သက်ပိုင်ထသည်။ ပြီးနောက် အိမိရှေ့သို့ ခပ်သုတ်သုတ်လေး ထွက်၏။
ထင်မှတ်ထားသည့်အတိုင်း ကိုဥက္ကာကို မထင်မှတ်ထားသည့် ပုံစံမျိုးဖြင့် သက်ပိုင် တအံ့တသြမြင်တွေ့လိုက်ရသည်။
ဥက္ကာ၏ခေါင်းတွင် ပတ်တီးကြီးစည်းလျက် ဇက်ကလည်း အနည်းငယ်ငိုက်ကျနေသည်။ ဆိုင်ကယ်စက်ကိုသတ်လိုက်သော်လည်း မဆင်းသေးပဲ ခွထားလျက်မှ မနိုင်မနင်းဖြင့် ယိုင်တိုင်တိုင်ဖြစ်နေသည်။ မုတ်ဆိတ်ကျင်စွယ်များနှင့် ပါးသိုင်းမွှေးစစကလည်း မျက်နှာတစ်ပြင်လုံးပြည့်နှက်နေပြီး မျက်ဝန်းများက ရီဝေနေကာ မျက်နှာကသုန်မှုန်နေ၏။

YOU ARE READING
~ငြိုး.....~
RomanceSeme က Uke ကို ဘယ်လောက်ချစ်သလဲ? ငုံထားမတတ်ချစ်ပါတယ်။ 😁😁😁 ကိုယ့်အကြိုက် angst တွေ drama တွေရေးပြီးတော့ စာဖတ်သူအကြိုက်လေးရေးဖြစ်တာပါ။😉😉 ဒီဇာတ်လမ်းက seme တစ်ယောက်ရဲ့ နက်ရှိုင်းတဲ့ချစ်ခြင်းတွေကို.... ပေါ်လွင်သိသာထင်ရှား...