အပိုင်း - ၃🖤

53.5K 4K 73
                                    

ပုံမှန်ပို့နေကျပုံတွေ၊ အအေးဖန်ပုလင်းလေးတွေ၊ ပန်းတွေရောက်မလာဘဲ ဓာတ်ပုံတစ်ချို့က သက်တန့်ရောင်၏လက်ထဲသို့ရောက်လာသည်။ ပုံမှန်လာပို့နေကျသူမဟုတ်ဘဲ နောက်တစ်ယောက်ပြောင်းသွားတာကိုလည်းသက်တန့်ရောင်သတိထားမိလိုက်သည်။ စာအိတ်အညိုထဲကပုံတွေကိုထုတ်ကြည့်လိုက်ရင်း လက်ဖျားခြေဖျားတွေအေးစက်လာကာတုန်ယင်လာသည်။ ဆေးရုံကုတင်ပေါ်တွင်ဆေးပိုက်များ၊ အောက်ဆီဂျင်ပိုက်တို့၏အကူအညီဖြင့်လဲလျောင်းနေရသော သက်တန့်ရောင်၏အစ်မ လမင်းဖြူ၏ပုံအချို့ဖြစ်နေသည်။ ဓာတ်ပုံရဲ့အနောက်တွင်စာအချို့ရေးသားထားသည်။

/မမကို ကိုယ်ကယ်တင်ပေးနိုင်တယ် အပြင်ကိုထွက်ခဲ့/

ထိုစာကိုဖတ်ပြီး ချက်ချင်းသက်တန့်ရောင်အပြင်ထွက်လိုက်သည်။ ညကလည်းနက်နေပြီဖြစ်သည်။ လမ်းမပေါ်တွင်လူကဟိုတစ်ယောက် ဒီတစ်ယောက်လောက်သာရှိတော့သည်။ သူအမှောင်ကိုကြောက်တတ်သော်လည်း သူ၏တစ်ဦးတည်းသောသွေးသားရင်းချားအစ်မကြောင့် စိတ်ကိုတင်းကာထွက်လာသည်။ စာထဲတွင်ပြောထားသည့်အတိုင်း အပြင်ဘက်သို့သက်တန့်ရောင်ရောက်လာသလို သူ၏ခေါင်းပေါ်သို့ရိုက်နှက်မှုတစ်ခုကလည်းချက်ချင်းကျရောက်လာသည်။ သူ၏ကမ္ဘာကအမှောင်အတိဖြစ်သွားရသည်။

"အင့် ..."

ဦးခေါင်းမှနာကျင်မှုနဲ့အတူသူနိုးလာတယ်သည်။ မျက်လုံးတွေကိုအားတင်းပြီးဖွင့်လိုက်သည်။ မီးရောင်စူးစူးတွေကြောင့် သူမျက်လုံးတွေကိုဖြည်းဖြည်းချင်းဖွင့်နေရသည်။ သူဘယ်နေရာကိုရောက်နေမှန်းလည်း သူမသိပါ။ အခန်းကြီးကလည်းသူ့အိမ်တစ်အိမ်စာလောက်ကျယ်ဝန်းသည်။ ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့လုပ်နေရင်း အခန်းတံခါးနားမှာနံရံကိုမှီပြီးလက်ပိုက်ကြည့်နေတဲ့လူကိုမြင်တော့ လန့်ပြီးကုတင်ပေါ်ကခုန်ဆင်းလိုက်မိသည်။ မမကိစ္စကိုသူအရင်ဦးဆုံးဖြေရှင်းရမည်။ ဘယ်သူက ဘာလုပ်ချင်လို့ သူရဲ့မမပုံတွေကိုသူ့ဆီပို့ပြီးချိန်းဆိုရတာလဲဆိုတာ သူသိရမှဖြစ်မည်။

"ဒီမှာဟိုလူကြီး ... ခင်ဗျားကဒီအိမ်ပိုင်ရှင်လား ... ကျွန်တော့်ကိုဒီကိုခေါ်လာတဲ့လူလား"

Love Me Like You Do🖤Where stories live. Discover now