မင်းတိမ်ယံအလုပ်မှပြန်လာသည့်အခါ လက်တစ်ဖက်ကခြင်းကြီးကိုဆွဲပြီး နောက်တစ်ဖက်ကခြင်းလေးကိုဆွဲလာသည်။
"ဘာတွေလဲဟင်"
မင်းတိမ်ယံပြန်ရောက်လာသည့်အခါ သက်တန့်အပေါ်ထပ်မှဆင်းလာသည်။ အိုဗာဆိုက်ဒ်တီရှပ်ကြီးကိုဝတ်ထားပြီး ခြေထောက်ကလေးရဲ့အလှကိုပေါ်လွင်နေစေသည်။ ပေါင်တစ်ဝက်လောက်ပဲရှိသည့်တီရှပ်နဲ့ဆင်းလာတော့ မင်းတိမ်ယံအာခေါင်တွေခြောက်ပြီး တံတွေးမြိုချရတော့သည်။
"ဘာကြည့်နေတာလဲ ... ကျွန်တော်မေးတာဖြေလေ ... ဘာတွေလဲ"
"ဪ ... ဪ ... လက်ဆောင် ... ကြောင်ပေါက်ကလေးအတွက်သူငယ်ချင်းလေးတွေခေါ်လာပေးတာ"
ခြင်းတွေအပေါ်မှာအုပ်ထားသည့်အဝတ်ကြီးကိုဖယ်ကြည့်လိုက်သည့်အခါ အာဝုလေးတစ်ကောင်နဲ့မီးညှောင်လေးတစ်ကောင်ဖြစ်နေသည်။
"အူးဝါး ချစ်စရာလေးတွေကွာ ... ဒါကကျွန်တော့်အတွက်လား"
"အင်း ... ဘယ်လိုလဲ သဘောကျလား"
"အင်း ချစ်စရာလေးတွေ ... ဘာလို့ဒါလေးတွေဝယ်လာရတာလဲ"
"ကိုယ်မရှိတဲ့အချိန်တွေမပျင်းရအောင်လို့လေ ... ကိုယ်ကအလုပ်ကိစ္စနဲ့ခရီးသွားရတာတို့ဘာတို့ဆို သက်တန့်တစ်ယောက်တည်းပျင်းနေမှာစိုးလို့ ... ပြီးတော့ ခွေးလေးကသက်တန့်အတွက်သက်တော်စောင့်လိုပဲလေ"
"ခင်ဗျားကြီးကအမြဲတမ်းကျွန်တော့်အတွက်ကြီးပဲတွေးနေရတာလဲ"
"ဒါကတော့ ကိုယ်ကကြောင်ပေါက်လေးကိုချစ်တာကိုး ... အဲ့တော့ ကိုယ်ချစ်တဲ့မင်းအတွက်ပဲစဉ်းစားတာပေါ့ ... ဘာပဲဖြစ်ဖြစ် မင်းပျော်နေဖို့အရေးကြီးတယ်"
"သွားတော့ ... ရေချိုးပြီးဆင်းလာခဲ့ ထမင်းစားဖို့စောင့်နေမယ်"
"အင်း"
ခြင်းလေးကိုဖွင့်ပေးလိုက်တော့ အာဝုလေးကတော့ထွက်လာပေမဲ့ မီးညှောင်လေးကတော့ခြင်းထောင့်ကလေးမှာကပ်နေသေးသည်။
"မီးညှောင် ထွက်ခဲ့ပါ ... မင်းကိုဘာမှမလုပ်ပါဘူး ... မန်မန်ကျွေးမယ်လေ မန်မန်"
YOU ARE READING
Love Me Like You Do🖤
Romance[Unicode]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ...... [Zawgyi]အားလုံးအကြိုက် Sugar Daddyလိုပုံစံမျိုးဇာတ်လမ်းလေး ......