#For Zawgyi
ဒီနေ့ သူ ဆေးခန်းကိုရောက်သည့်အချိန်မှာ အသာက ရောက်နှင့်နေပြီ ။ စာအုပ်တစ်အုပ်ဖတ်ရင်း မတ်တပ်ရပ်စောင့်နေတဲ့ အသာ့ကိုမြင်မှ အသာ့အား ဆေးခန်းသော့ ပေးမထားမိတာကို သတိရ၏ ။
" အသာ ရောက်နေတာ ကြာပြီလား "
" အော မကြာသေးပါဘူး အကို "
" အေးကွာ ၊ ဒီနေ့ ကားပျက်လို့ Taxi နဲ့လာနေရတာနဲ့ နည်းနည်းနောက်ကျသွားတာ "
ဒီကလေး သူ့ဆေးခန်းမှာ လာကူပေးနေတာ တစ်ပတ်ပင်ကျော်လာသော်လည်း သူတို့နှစ်ယောက်ကြားမှ ရင်းနှီးမှုက တိုးတက်မလာ ။ ဆေးခန်းကိုလာတဲ့ လူနာများနှင့်ဆိုလျှင် အသာ့အသွင်က ဖော်ရွေနွေးထွေးသလောက် သူနှင့်ဆိုလျှင် လိုအပ်တာထက် ပိုမပြောဘဲ လူနာမရှိသည့်အချိန်မျိုးမှာတောင် သူ့ဟာသူယူလာသည့် စာအုပ်တစ်အုပ်ကိုသာ ငုံ့ဖတ်နေတတ်သည်။ ထိုသို့ပြုမူနေလို့ ကိုယ့်အား မလိုလားလို့များလားဟုလည်း တွေးတော၍မရပြန် ။ ကိုယ်အမေးရှိလို့ ပြန်ပြောသည့်အခါမျိုးမှာ အသာ့ထံမှ နွေးထွေးမှုတစ်မျိုးကို သူခံစားရ၍ပဲ ဖြစ်သည် ။
" မောင်ရင်လေး ဒေါက်တာ ရောက်ပြီလား "
" ရောက်ပြီ ရောက်ပြီ ၊ အဘွားထွက်သွားပြီး သိပ်မကြာဘူး အကိုရောက်လာတာပဲ ၊ ဘယ်လိုလဲ အဘွား...ကျွန်တော်ပြောသလို စားခဲ့ရဲ့လား "
" အမလေး...စားခဲ့တာမှ ဘာပြောကောင်းမလဲ မောင်ရင်ရယ် ၊ ကြေးအိုးတစ်ပန်းကန်လုံးလည်း ပြောင် ၊ လူလည်း ချွေးတွေစို့ပြီး ပွင့်သွားတာပဲ ၊အခုလို ဒါနပြုတဲ့ အကျိုးကြောင့် စိတ်စေတနာရောင်ပြန်ဟပ်ပြီး အမြဲတမ်း စိတ်ချမ်းသာရပါစေကွယ် "
" အဘွားပေးတဲ့ဆုနဲ့ တကယ်ပဲပြည့်ပါရစေခင်ဗျာ "
ထိုအဘွားဆုပေးတာကို လက်အုပ်ချီပြီး ခံယူနေတဲ့ အသာ့ပုံစံလေးကို သူ အခန်းတွင်းလိုက်ကာကြားမှ တစ်စွန်းတစ်စ မြင်ရသည်ကပင် ပကတိ ငြိမ်းချမ်းလှသည် ။ သူ့ထံမှ ငြိမ်းအေးခြင်းတွေက ကိုယ့်ဆီပင် ကူးဆက်လာသယောင် ။
အဘွားက သူရှိရာ လူနာခန်းထဲဝင်လာရင်း
" ကျုပ်ခုနက တစ်ခေါက်လာသေးတယ် ၊ ဆရာ မရောက်သေးဘူးဆိုလို့ ၊ ကျုပ်မယ် ကိုယ်တွေပူပြီး အစားလည်း စားချင်စိတ်မရှိဘဲ လူက နုံးဖတ်ဖတ်နဲ့ ရင်ထဲတလှပ်လှပ်ဖြစ်နေတာ ၊ အဲ့ဒါ ဆရာ့ညီလေးကို ပြောပြတော့ သူက လမ်းထိပ်မှာ ကြေးအိုးပူပူလေး သွားသောက်ကြည့်ပါလားဆိုပြီး ဆိုက်ကားခရော ပိုက်ဆံရော အတင်းပေးတာ ၊ အခု စားလာခဲ့ပြီ ၊ ကျုပ်ဖြင့် ပွင့်ပြီး လူက နေလို့ထိုင်လို့ကို ကောင်းသွားရောပဲတော် "
![](https://img.wattpad.com/cover/200679406-288-k500295.jpg)
VOUS LISEZ
လမင်းမျှော်သူ ( လမင်းမျှော်သူ ) Completed
Roman d'amour#For Zawgyi ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်မျှသာ ဖြစ်ပါသောကြောင့် တစ်စုံတရာ တိုက်ဆိုင်မှုရှိပါက နားလည်ပေးကြပါရန်နှင့် အကြောင်းအရာ လွဲချော်မှုများ ရှိခဲ့လျှင်လည်း စာရေးသူ၏ အားနည်းချက်ဖြစ်သောကြောင့် စာဖတ်သူတို့မှ ဖြည့်စွက်တွေးပေးရင်း ခွင့်လွှတ်ပေ...