တိတ်ဆိတ်လှတဲ့ တောင်ကြိုးမြို့ ညနေခင်းလေးက ဆောင်းဝင်နေပြီမို့ ပုံမှန်ထက် အေးစိမ့်မှုက သာ၍ ပိုနေပါသည်။
ခပ်မို့မို့တောင်ထိပ်ပေါ်တွင် တည်ထားသည့် စူဠာမုဏိစေတီ က မြူ များဆိုင်းနေသဖြင့် ဘုရားပေါ်ရှိလူများကို သဲသဲကွဲကွဲမြင်ဖို့ရာ ခက်ခဲသည်။
ဘုရားပေါ်တက်ရသည့်အတက်လမ်း နံဘေး ရှိ
Rich café ဆိုင် တွင် လူများက ခုံနေရာမလွတ်ပြည့်နေသည်။ဆိုင်၏အပြင်ဘက်ဝရံတာ တွင်ထုတ်ထားသော ထောင့်ကျသည့် ခုံတစ်နေရာတွင်
ရာသီဥတုကိုသွေဖီလျက် နွေးထွေးဟန် မတူသော အင်္ကျီ ခပ်ပါးပါးတထည် ကို ဝတ်ထား သော လူတစ်ယောက် ဆေးလိပ်သောက်နေသည်။အင်း…အဲ့တာကျွန်တော်ပါ...
ကျွန်တော် ဆိုတာက သင်္ကြန်ပေါ့…
အဲ…သင်္ကြန်ဆိုတာ ပွဲ သင်္ကြန်ကို ရည် ညွှန်းတာတော့မဟုတ်ဘူးဗျ…
အဲ့တာ ကျွန်တော့်နာမည်ပါ။
ကြားတဲ့သူတိုင်းက အမြဲကြားဖူးသိဖူးခေါ်ဝေါ်ဖူးးနေကြပြီး အမြဲ မျှော်လင့် နေကြတဲ့ သင်္ကြန်ဆိုတဲ့ အမည်နာမက ကျွန်တော့်ကိုခေါ်ရင်တော့ အမြဲ ထောက်ထောက်ကြီး ဖြစ်စေပြီး ခပ်ကြောင်ကြောင်နာမည်တခုပေါ့…
အဖျားဆွတ်ခေါ်ချင်ရင်တော့ ကြန် လို့ပဲခေါ်ရမလား… ရွယ်တူတွေက' ဟေ့ကောင့် သင်္ကြန်'လို့ခေါ်ရင် သိပ်မဆိုးလှပင်မဲ့…ကိုယ့်ထက်အငယ်က
နာမည်မှာ 'ကို' တပ်ပြီးခေါ်ရင်တော့ အင်မတန်ကြောင် စီစီနိုင်လှတယ်…
ဘယ်နှယ့် 'ကိုသင်္ကြန်' တဲ့…မိတ်ဆက်တာကိုရပ်ပြီး…ဆေးလိပ်သောက်တာကိုပြန်သွားရင်ကောင်းမယ်…
ကျွန်တော်ဆေးလိပ်သောက်တာကိုပြောရမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ သုံးနှစ်…အင်း ခင်ဗျားထားခဲ့တဲ့နှစ်ပေါ့…အဲ့လိုလဲ မဟုတ်သေးပါဘူး ထားခဲ့တယ်လို့ပြောရလောက်အောင် ကျွန်တော်တို့က ရည်းစားတွေလဲမဟုတ်ဘူးလေ… ဒါဆို ကျွန်တော် ကျန်နေခဲ့တဲ့
နှစ်ကစပြီးပေါ့…အင်း…သိပ်တော့မကွာပါဘူးလေ…
ကျွန်တော်ဆေးလိပ်သောက်ချင်နေတာလွန်ခဲ့တဲ့သုံးနှစ်တည်းက မဟုတ်ပါဘူး လွန်ခဲ့တဲ့ခြောက်နှစ်
ဆယ်တန်းပြီးခါ စလောက်ဖြစ်မယ်… ကျွန်တော်သိပ်သောက်ချင်လို့ ခိုးသောက်ခဲ့တဲ့ ဆေးလိပ်ကို ခင်ဗျားမျက်မှောင်ကြုတ်ပြီး တားကတည်းက မသောက်ဖို့ စိတ် ကိုချုပ်တည်းခဲ့တာ...
ခုတော့ တားမဲ့ ခင်ဗျားလည်းမရှိတော့တာမို့ တနေ့ထပ်တနေ့ ပိုပိုသောက်မိတာကို ခင်ဗျားသိရင် "မင်းက ရူးနှမ်းတဲ့ အလုပ်တွေသိပ်လုပ်တာပဲ!" လို့ပြောအုန်းမလား!
အဖျားစွတ်ခေါ်လို့ မရတဲ့ကျွန်တော့် နာမည်ကို တောင် အသစ်ထွင်ပြီး မရမကခေါ်ခဲ့တဲ့ခင်ဗျား…ခင်ဗျားမကြိုက်တဲ့အလုပ်တွေလုပ်ရင် သုံးရက်လောက် စိတ်ကောက်တတ်တဲ့သူ…သရဲဆို တုန်နေအောင်ကြောက်ပြီး ကျွန်တော့်ရင်ခွင်ထဲ ခုန်ခုန်ဝင်လာတတ်တဲ့ ခင်ဗျား…
ခုမတော့ စာမလာသတင်းမကြားပါလား!
"ခင်ဗျားကို ကျွန်တော် မလွမ်းပါဘူး"
ကျွန်တော်တိုးတိုးလေးရေရွတ်တော့ ရှေ့ မှာချထားတဲ့ black coffee ခွက်လေးက ရယ် တယ်…
ပါးစပ်ပါရင် သူပြောပါလိမ့်မယ်…
"ဒါဆို ဘာလို့ သူ့ကိုမှာသောက်နေသေးလဲလို့ပေါ့…!"
YOU ARE READING
OPPOSITE
RomanceOppositeတဲ့ရိုးရှင်းပါတယ်...မြန်မာလိုဘာသာပြန်ရင်တော့ ဆန့ကျင်ဘက်ပေါ့...အရာအားလုံးဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူနှစ်ယောက်အကြောင်းပါ...တကယ်ကို ရိုးရိုးရှင်းရှင်းလေးပါပဲ 💛 ကျွန်တော် ဒါလေးကိုရေးဖို့ စပြီးစိတ်ကူးမိတာကတော့ စိတ်ထဲမှာ ကိုစစ်ဆိုတဲ့နာမ်စားလေးကိုကောက...