"ဘာလို့ ငွေစာရင်းတွေက မှားနေရတာလဲ ဦးထင်ကျော်....အဝင်အထွက်တွေက အရမ်းကွာနေတယ်..ဘယ်လိုရှင်းပေးမှာလဲ..."
စားပွဲပေါ်သို့ ဘုန်းခနဲ ကျလာသော ဖိုင်တွဲတစ်ထပ်ကြောင့် သူမရှေ့မှာ ထိုင်နေသော ဦးထင်ကျော်တုန်တက်သွားသည်...
"ကျွန်..ကျွန်တော် နောက်ခါမဖြစ်စေရပါဘူး...MD ရယ်...."
"နောက်ခါ..ဟုတ်လား..ကျွန်မကရှင့်ကို နောက်ထပ်အခွင့်အရေးပေးမယ်လို့များ ထင်နေတာလား....ခုလို အလွဲသုံးစားလုပ်ပြီးမှတော့
ပြန်လည်ပြင်ဆင်ခွင့်ရမယ်မထင်နဲ့..ရှင့်ကို ကျွန်မအလုပ်ထုတ်လိုက်ပြီ...""MD..ကျွန်တော် တောင်းပန်ပါတယ် ဗျာ...ဒီတစ်ခါခွင့်လွှတ်ပေးပါ..."
"Sorry ပဲ..ဦးထင်ကျော် ကျွန်မကဆုံးဖြတ်ပြီးရင် ပြန်မပြင်တတ်ဘူး...ကျွန်မအပေါ်သစ္စာမရှိတဲ့သူအပေါ်လည်း မေတ္တာတရားမထားတတ်ဘူး...."
ပြောပြီးပြီးချင်း ပြည့်ရတနာဦး meeting room ခန်းမှ ထွက်လာခဲ့လိုက်သည်..
ပြည့်ရတနာဦး....
လှပသလောက် ရက်စက်ထက်မြက်ပြီး
စီးပွားရေးသောင်းကျန်းသော မိန်းမတစ်ယောက်...Shopping mall များ အဝေးပြေးကားများ ကို တည်ထောင်အုပ်ချုပ်ယုံနှင့် မကျေနပ်နိုင်သေးပဲ ယခု ဘက်စုံသင်တန်းကျောင်းကို ဖွင့်လှစ်ကာ ဦးစီးနေသူ...
ကလင်..ကလင်..ကလင်...
"အေးပြော..အောင်ကြီး.."
"နင် ဒီညအားလား...ငါ ညစာကျွေးချင်လို့..."
"မအားဘူးဟ...နယ်ဘက်က ရှယ်ယာရှင်တွေနဲ့ ချိန်းထားတယ်....ကျွေးချင်ရင် နက်ဖန်နေ့လည်စာ ကျွေးဟာ..."
"နေ့လည်လား..ခန..အော်...အေးအေး..ငါအားတယ်.."
"Ok....ဘယ်ချိန်လာမလဲ ငါ့ကိုဖုန်း အမလေး..."
ပြည့်ရတနာဦး ဖုန်းပြောရင်း ဘေးဘီမကြည့်ပဲ သွားနေရာမှ လှေကားထောင့်စွန်းမှ ဆင်းလာသော.ကောင်မလေးတစ်ယောက်ကို ပစ်တိုက်မိသွားသည်...
"အို....Sorry ပါနော်...မ မမြင်လိုက်လို့ပါ..."
လဲကျသွားသည့် ကောင်မလေးကို အမြန်ဆွဲထူရင်း ကျဲပြန့်သွားသည့် စာအုပ်များကို လိုက်ကောက်ပေးလိုက်သည်...ပန်းချီနှင့် ပတ်သတ်သော.စာအုပ်များမို့ ပန်းချီသင်တန်းကဖြစ်မည်....