1.1K 18 2
                                    

ဒီဇာတ်လမ်းက ဆရာမဂျူ း ရဲ့ အမှတ်တရ စာအုပ်ကို အခြေခံပြီး ရေးထားတာပါ 😊😊😊

❤ ညီငယ် ❤

- ၁ -

💘 ကျွန်တော် မုသားတစ်ခုကို လျင်မြန်စွာဖန်တီးပြီး ညီငယ် ကျွန်တော့်အနားတွင်မရှိတော့ခြင်းကို ရှိနေသေးသယောင်ဟန်ဆောင်ကာ ကျွန်တော့်ကိုယ်ကျွန်တော် နှင့် ဝန်ထမ်းကောင်မလေးကို လိမ်ညာလိုက်မိသည် 💘

၁ .

ကျွန်တော်စီးလာသောကားလေးသည် ရန်ကုန်မြို့တွင်းသို့ဝင်လာသောအခါ နေသည် အနောက်မိုးကုတ်စက်ဝိုင်းဆီသို့မေးတင်၍ အိပ်တန်းတက်ရန် ပြင်ဆင်နေပြီဖြစ်သည် ။ ညနေခင်းနေရောင်ဖျော့ဖျော့အောက်တွင် မိုးဖွဲလေးများသည် မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ခုန်ဆင်းနေကြသည် ။ ကျွန်တော် ကားနောက်ခန်းတွင် ငြိမ်သက်စွာလိုက်ပါလာရင်း ယခုမှ ရန်ကုန်ရောက်ဖူးသူကဲ့သို့ ပတ်ဝန်းကျင်ကို ငေးမောနေမိသည် ။

" ဆရာ … ဟိုတယ်မှာပဲတည်းမှာလား … ဟိုအိမ်ကိုပို့ပေးရမလား "

ဒရိုင်ဘာဖြစ်သူ နေဝင်း ၏ အသံကိုကြားမှ ကျွန်တော် သတိဝင်လာကာ

" အင်း … ညီငယ့်အိမ်ကိုပဲပို့ပေး "

ဟု ပြောလိုက်သည် ။ ကျွန်တော့်စကားကိုကြားသောအခါ နေဝင်း က

" ဟုတ်ကဲ့ ဆရာ "

ဟု ပြောပြီး ကားလေးကို ပြည်လမ်းမပေါ်တွင် မောင်းနှင်နေရာမှ လက်ယာဘက်လမ်းကြောကိုယူကာ  လမ်းသွယ်တစ်ခုထဲသို့ချိုးဝင်လိုက်သည် ။ ထိုလမ်းသွယ်ထဲသို့ ယခုမှရောက်ဖူးခြင်းမဟုတ်သော်လည်း ထိုလမ်းသွယ်ထဲ ဝင်လိုက်တိုင်း ကျွန်တော် စိတ်လှုပ်ရှားမိသည် ။ စိတ်ထဲတွင်လည်း အိမ်တွင် ညီငယ်များရောက်နေမလားဟု တွေးမိပြီး ပျော်မိသည် ။ လမ်းသွယ်ထဲသို့ကားလေးကိုကွေ့ဝင်ပြီး လမ်းတစ်ဝက်ခန့်ရောက်သောအခါ နောက်ထပ်လမ်းသွယ်တစ်ခုထဲသို့ ထပ်ချိုးဝင်ရသည် ။ ထိုလမ်းထဲတွင် အိမ်နှစ်အိမ်သုံးအိမ်ခန့်ကျော်ပြီးလျင် ခြံအဝ၌ တရုတ်စကားပင်နှစ်ပင်ကို ဟိုဘက်သည်ဘက်စိုက်ထားသည့် တစ်ထပ်တိုက်ပုလေးကို တွေ့ရသည် ။ ထိုတိုက်ပုလေးသည် ကျွန်တော် ချစ်ရသော ညီငယ်၏အိမ် ဖြစ်သည် ။

ညီငယ္ / ညီငယ် (15)Where stories live. Discover now