Chapter 11 end up( uni + zawgyi)

284 15 2
                                    

Chapter 11 end up

အခန်း(၂၁)

'မောင်လေး၊ စိတ်ကိုထိန်းပါဦးကွယ်။ သွားတဲ့သူက သွားပြီဆိုပေမယ့် ကျန်ခဲ့သူက ကျန်းမာဖို့လိုသေးတယ်မဟုတ်လား။ မောင်လေး ဘာစားခဲ့ပြီးပြီလဲ။ တစ်ခုခုစားပါလား။´
'ဟင့်အင်းမစားဘူးအစ်မ၊ ကျွန်တော်ဘာမှမစားချင်ဘူး။ ကျွန်တော်...ကျွန်တော်......´
'သားရယ်။ စားလိုက်ပါ။ သားဖေဖေတို့ကို လည်း ဦးနားလည်အောင် ရှင်းပြပေး ပါ့မယ်။ သားတစ်ခုခုစားလိုက်ပါနော်။ တူမလေးရယ် မောင်သုတကို ထမင်းကျွေး လိုက်ပါ ကွယ်၊ ဒီဖက်က ကိစ္စတွေကို ဦးကြည့်ထားပါ့မယ်။´
မချောနောက်ကိုလိုက်ရင်း မီးဖိုချောင်ထဲကို ၀င်သွားကြသည်။
မောင်ရယ် အတူတူလက်ဆုံစားခဲ့ဖူးတဲ့နေရာလေး။ အတူတူချက်ပြုတ်စားသောက်ခဲ့တဲ့ နေရာလေး။ နေရာတကာမှာမောင့်အရိပ်တွေချည်းပဲမောင်ရယ်။
'ရော့ စား မောင်လေး။ အားရပါးရငိုလို့ရအောင်စား။ အားရှိမှ လွမ်းလို့ရမှာပေါ့ ငါ့မောင်ရယ်။ ငိုရင်းနဲ့လည်းစားစမ်းပါ။´
မောင်။ ချစ်တစ်ယောက်တည်းထမင်းစားနေတယ်။ မောင်ရောစားပြီးပြီလား။ မောင်ဆာနေပြီလား။ မောင်ကြိုက်တဲ့ဟင်းတွေချက်ထားတာလေ။ မောင်စားချင်နေပြီလား။
မှောင်စပြုလာတဲ့အိမ်ကလေးက မီးစက်ကပေးသောအလင်းရောင်ဖြင့် ထိန်ဖြာနေသည်။
မောင် ချစ်တို့အိမ်လေးမှာ မီးချောင်းသွယ်ထားတယ်သိလား။ ချစ်တို့ရဲ့အိမ်လေးမီး လင်းနေပြီ။မောင့်ကိုတွေ့စေချင်လိုက်တာ။
ထမင်းကို အဖြစ်သဘောစားလိုက်ပြီး လက်ဆေးလိုက်သည်။ အိမ်ခန်းအပြင်အဆင် တစ်ချို့က ပုံစံများပြောင်းလဲနေသည်။
'အစ်မ ကျွန်တော့်သေတ္တာရော။ နေရာပြောလိုက်ပြီလား။´
'သြော် ဟုတ်တယ်မောင်လေး။ ဟိုဖက်ထောင့်မှာ ကပ်ထားလိုက်တယ်။´
သေတ္တာရှိရာကို သွားပြီး သေတ္တာကို ဖွင့်ကြည့်လိုက်သည်။ အနေအထားမပျက်သော သေတ္တာထဲမှ ဖိုင်တစ်ခုကို ထုတ်ယူလိုက်သည်။
'သား စားပြီးပြီလား။´
'ဟုတ်ကဲ့ခင်ဗျ။ ဦး၊ ဦးနဲ့ မချောကို ပြောစရာလေးရှိလို့။´
'ဘာများလဲဟင်။´
'ဘာလဲပြောလေမောင်လေး။´
'ဒီခြံလေးကလေ။ မောင်၀ယ်ထားတာ။ မောင့်ပိုက်ဆံနဲ့၀ယ်ထားတာဆိုပေမယ့် ကျွန်တော့်နာမည်ပေါက်ပေါ့နော်။ အဲဒါ အခုချိန်မှာက မောင်လဲမရှိတော့ဘူး။ ဆိုတော့ ကျွန်တော်လဲဒီခြံထဲမှာ မနေချင်တော့ဘူး။ နေနေရင်လဲကျွန်တော့်အတွက် အဓိပ္ပါယ်မရှိ တော့ဘူးလေ။´
'အဲဒီတော့...´
'အဲဒီတော့ ဒီ ဂရန်ကို.... သားသားကို ပေးထားခဲ့ချင်တယ်။ ကိုပေါက်ရော၊ မချောပါ။ လက်ခံစေချင်တယ်။ ဒီအတောအတွင်း အနီးဆုံးအိမ်နီးနားချင်းအနေနဲ့ နေလာခဲ့ကြတာ။ မောင်ရော။ ကျွန်တော်ပါ သားသားလေးကို အရမ်းချစ်ခဲ့ကြတယ်လေ။ ကျွန်တော်ဒီလိုလုပ်တာ မောင်လဲကျေနပ်နိုင်မှာပါ။ ဦးလေးရော ကျွန်တော့်ဆုံးဖြတ်ချက်ကို သဘောတူပေးနိုင်မလား ခင်ဗျ။´
'တူပါတယ်။ ဦးလေးသဘောတူပါတယ်။ သား.. ကိုညီလည်း သဘောတူမှာပါ။´
ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်များကို သုတ်ပေးမယ့်သူမရှိ။ သုတ်လည်း မသုတ်ပစ်ရက်ပါ။ ခါးသီးနာကျင်သော ဒဏ်ရာတွေအားလုံးကို ကိုယ်စားပြုနိုင်မယ့် ထွက်ပေါက်တစ်ခုကိုတော့ ခွင့်ပြုပေးပါ။
လေးကန်သော ခြေလှမ်းများနှင့် မောင့်နားကို တိုး၀င်လိုက်သည်။ သက်ငြိမ်အေးစက် သော အထိအတွေ့များက ငိုကြွေးခြင်းကို အစပြုစေသလား။ တုံ့ပြန်မှုမရှိနိုင်တော့တဲ့ ခံစားချက်တွေ.......။ ကစဉ့်ကလျားပြေးလွှားနေတဲ့ အတိတ်အိပ်မက်လေးတွေ။ ကြွေမွနေတဲ့ အနာဂတ် စိတ်ကူးလေးတွေ။ အရာရာဟာ အရေပျော်သွားတဲ့အခါ ဘာမှ မဖတ်မတင်တော့ ဘူးလား။
'မောင်ရယ်..........။ ချစ်ဘယ်လိုဖြေရမှာလဲမောင်ရယ်.....။´
မပီမသ ရေရွတ်ပေါင်းများနေပြီ။ ခါးသက်နာကျင်သော ရင်ဘတ်ထဲက နာကျင်မှုကို သက်သာအောင်ဘယ်လိုလုပ်ရမှာလဲ။ ငိုကြွေးရုံနဲ့မသက်သာတဲ့ နာကျင်မှုတွေ၊ လူးလှိမ့်နေရုံနဲ့ မဖြေနိုင်တဲ့ ခံစားချက်တွေ။ ပေါက်ကွဲပစ်လိုက်ရုံနဲ့ မပြီးသွားတဲ့အဖြစ်အပျက်တွေ။ မောင်ရယ် ချစ်တစ်ယောက်တည်း ဘယ်လိုနေခဲ့ရမှာလဲ။ မောင်မရှိတဲ့ဘ၀မှာ ချစ်တစ်ယောက်တည်း ဘယ်လိုရပ်တည်ရမှာလဲ။ ချစ်ဘယ်လိုလုပ်ရမှာလဲ။ ပြောလေ မောင်ရဲ့ပြောပါ။ မောင် ပြော..........။
ချစ်သိသွားပြီမောင်။ အရာရာကို ချစ်သဘောပေါက်သွားပြီ။ ချစ်မရှိတဲ့အချိန်မှာ မောင်မနေနိုင်ခဲ့သလို မောင်မရှိတဲ့အချိန်မှာ ချစ်ဘယ်လိုနေနိုင်မှာလဲ။ နေနိုင်တဲ့နည်းတစ်ခုပဲ ရှိတယ်။ မောင်။ ချစ်သိလိုက်ရပါပြီမောင်ရယ်......။
'မောင်လေး.......... ငိုတာတော့ငိုတာပေါ့ကွယ်။ အရမ်းပင်ပန်းနေတယ်မဟုတ်လား နားရင်နားလိုက်ပါဦး။´
'ဟုတ်တယ်သား။ ဒါနဲ့သားဖေဖေရော၊ သားဘယ်လိုပြန်လာတာလဲ။´
'ခုလောက်ဆိုရင် ဖေဖေလည်း ပြန်လိုက်လာရောပေါ့။ ကားဂိတ်ကနေ ထွက်ပြေးတာ။ ဟုတ်´
'သြော် အေးအေး နားရင်နားလိုက်ပါလားသားရယ်။ သားဖေဖေရောက်လာရင်း ဦးလည်း ဝုိင်းပြောပေးပါ့မယ်။ သားခဏဖြစ်ဖြစ်နားလိုက်ပါလား။´
'ဟုတ်...´
မငိုဘူးဆိုရင်တောင် မျက်ရည်များက စီးကျလာဆဲပင်။
'ကျွန်တော် မောင့်အနားမှာအိပ်ချင်တယ်။´
'ဟင်..´
'မောင်လေး။´
'ဟုတ်ပါတယ်။ နောက်ထပ်ဘယ်တော့မှမရနိုင်တဲ့ နောက်ဆုံးလက်ကျန် အခွင့်အရေးလေး တစ်ခုအနေနဲ့ဖြစ်ဖြစ်ပေါ့။ ကျွန်တော့်ကို မောင့်ဘေးမှာ ခဏဖြစ်ဖြစ် အိပ်စက်ခွင့်ပေးပါလား။ မောင့်ရင်ခွင်ထဲမှာ............ ခဏဖြစ်ဖြစ်... ခဏလေးဖြစ်ဖြစ် ခို၀င်ခွင့်ပြုပါလားဗျာ။ အရင်က လို နွေး........ထွေးနေဦး.......မှာလား။ သူ့ရဲ့ ရင်ခုန်သံ တွေက..´
'သားရယ်...........ရာဇ၀င်တွင်ခဲ့တဲ့ အချစ်ဇာတ်လမ်းတွေထက်တောင် မင်းတို့အဖြစ်က ပိုပြီးကြီးကျယ်ပါတယ်။´
'မောင်လေးရယ်......။ ငါ့ကြောင့်။ ငါ့ကိုသာအပြစ်တင်လိုက်ပါလား။´
'အဲလိုရယ်လဲမဟုတ်ပါဘူးအစ်မရယ်။ မောင်ရော ကျွန်တော်ပါ တစ်နေ့နေ့ကျရင် ရင်ဆိုင်ရမယ်ဆိုတာ ကြိုသိထားပါတယ်။ ခုဟာက မောင်ကျွန်တော့်ကို မစောင့်နိုင်လို့ဖြစ်သွား တာပါ။ ဘယ်သူဘယ်ဝါမှာမှ အပြစ်မရှိပါဘူး။ စစ်စစ်ပေါက်ပေါက်ပြောကြေးဆိုရင် ကျွန်တော် တို့နှစ်ယောက် ချစ်ခဲ့တာကို.............´
ဟင့်အင်း မမှားဘူး။ ငါတို့ချစ်ခဲ့ကြတာ မမှားဘူး။ လုံး၀ကိုမမှားဘူး။ လူယောက်ျားက လူယောက်ျားကို ချစ်တာဟာ မမှားဘူး။ ယောက်ျားသော မိန်းမသော ဆိုတဲ့ လိင်ခွဲခြားမှုကို နှလုံးသားက နားမလည်ဘူး။ ရင်ခုန်သံတွေထပ်တူကျတဲ့ ငါတို့အချစ်က လုံး၀လုံး၀ကို မမှားဘူး။ ငါတို့ ဆုတောင်းလည်းမမှားခဲ့ဘူး။ ငါတို့မှန်ခဲ့တယ်။ ငါတို့အားလုံးမှန်ခဲ့တယ်။
'အင်းပါ ဟုတ်ပါပြီ။ သားလည်းနားလိုက်တော့လေ။ သားရဲ့ဘေးမှာမှ အိပ်ချင်တယ် ဆိုလည်း အိပ်လိုက်ပါ။ ဦးအရာအားလုံးကို နားလည်ပါတယ်။´
'ဟုတ်ကဲ့ဦး။ ကျေးဇူးတင်ပါတယ်။ အစ်မ ကျွန်တော့် မောင့်ဘေးမှာ စိတ်ချလက်ချ လေး အိပ်ချင်တယ်။ မောင်ပြောဖူးတယ်။ မောင်က ကျွန်တော့်ဘ၀ကို သူ့ရင်ခွင်လေးထဲမှာ လုံလုံခြုံခြုံထားပေးချင်တယ်တဲ့။ မောင့်ရင်ခွင်လေးထဲမှာ ကျွန်တော်လုံခြုံပါတယ်။ ကျွန်တော် မောင့်ရင်ခွင်လေးထဲမှာ စိတ်ချလက်ချ အိပ်စက်ချင်တယ်။´
'အေးပါ...။အေးပါဟယ်။ ပျော်အောင်သာအိပ်ပါငါ့မောင်ရယ်.။´
'ဟုတ်.. ဘာကိစ္စပဲ ရှိရှိ။ ဘာတွေပဲဖြစ်ဖြစ် မနိုးပါနဲ့နော်။ အတက်နိုင်ဆုံး ကြာကြာ အိပ်နိုင်အောင် ဘာကိုမှ အနှောင့်အယှက်မပေးကြပါနဲ့နော်။ ကျွန်တော့်ကို လာ....မနိုးပါနဲ့... နော်.´
မချောက ဘာမှပြန်မပြောပဲ ငိုရင်းနှင့် ခေါင်းတစ်ဆက်ဆက်ညိတ်ပြရှာသည်။
ကုတင်ပေါ်တွင် လဲလျောင်းနေသော မောင့်ဘေးနားမှာနေရာယူပြီး မောင့်ကို နှုတ်ခမ်းကို နမ်းစုပ်လိုက်သည်။
'မောင်မရှိတဲ့ဘ၀မှာ ချစ်ဘာလုပ်ရမယ်ဆိုတာကို ကောင်းကောင်းသိသွားပြီမောင်´
မောင့်ဘေးတွင် ၀င်လှဲလိုက်ပြီး မျက်လုံးအစုံကို မှိတ်ပစ်လိုက်သည်။ လက်ထဲတွင် ကိုင်ထားသော ဘာမီတွန် ဆေးဘူးလေးကို ဘယ်သူမှ မမြင်အောင် အိပ်ရာခင်းအောက်တွင် ထိုးထည့်ထားလိုက်ရင်း စကားတစ်ခွန်းကို ရေရွတ်ပြောဆိုလိုက်သည်။
'နောက်ဆိုရင် မျက်ရည်ကင်းမဲ့ဇုန်လေးမှာ မျက်ရည်တွေ တကယ် ကင်းဝေးသွားမှာပါ...................´

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Aug 18, 2020 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

မျက်ရည်ကင်းမဲ့ဇုန်Hikayelerin yaşadığı yer. Şimdi keşfedin