<Unicode>
ကြည်လင်တဲ့ကောင်းကင်မှာ တစ်ရွေ့ရွေ့ပြေးနေတဲ့ တိမ်တိုက်ဖြူဖြူလေးတွေ၊ ကောင်းကင်ကြီးနဲ့ထိစပ်နေတယ်ထင်ရတဲ့ တောင်တန်းပြာတွေ၊ ပြီးတော့ စိမ်းလဲ့လဲ့စိုက်ခင်းတွေ။ အရာအားလုံးက ငေးမောချင်စရာ။ သဘာဝရဲ့ အလှတရားတွေက အရင်ကတည်းက ဒီလိုပဲ အရမ်းကိုလှနေခဲ့သလား။"ဝါး......လှလိုက်တာ"
ခုမှတစ်ရေးနိုးလာတဲ့ လီယန်က ကားမှန်ကတစ်ဆင့် မြင်ရတဲ့ရှုခင်းတွေကို အံ့သြတကြီးငေးမောတယ်။ တစ်လမ်းလုံး ယိမ်းထိုးအိပ်လာတာမို့ ခေါင်းကဆံပင်တွေကဖွာလန်ကျဲလို့။ ရိပေါ်က ခေါင်းတစ်ခါခါနဲ့ သက်ပြင်းခိုးချတယ်။ သူငယ်ချင်းမဟုတ်ပဲ ကလေးတစ်ယောက်က သူ့နောက်အဆစ်ပါလာတာပဲ။
"နှိုးမလာတော့ဘူးမှတ်နေတာ ငါက"
"မျက်စောင်းထိုးမနေနဲ့ ရောက်တော့မယ် ဆံပင်လေးဘာလေး ပြင်လိုက်အုံး"ဆံပင်ထိပ်တိ ပါးဖောင်းလေးနဲ့ မျက်မှောင်လေးကျုံ့လို့ ဆူပူနေတဲ့ ရိပေါ်က လူကြီးပုံဖမ်းထားတဲ့ကလေးဆိုက်လေးနဲ့။ ဆူပုတ်ပုတ်နဲ့လီယန်က ပွနေတဲ့ဆံပင်တွေကို လက်နဲ့ပြန်သပ်ရင်း နှာတစ်ချက်မှုတ်တယ်။ သူ့ထက်အသက်တစ်ရက်ကြီးတဲ့ရိပေါ်က သိပ်ကိုဆရာလုပ်လွန်းတယ်လေ။
တကျက်ကျက်နဲ့ တွတ်ထိုးနေရင်း မကြာခင်ပဲ သူတို့ဆင်းရမဲ့ ကားဂိတ်ကိုရောက်တယ်။ အထုတ်တွေ တစ်ပိုးတစ်ဆွဲနဲ့သူတို့ကို လာကြိုနေတာက ဝါကျင့်ကျင့် ကားအိုလေး။ ဖုန်မှုန့်တွေကပ်နေတဲ့ ကားဝါအစုတ်လေးကို ရိပေါ်တို့ငိုင်တွေတွေ ငေးကြည့်နေမိတယ်။ လာကြိုတဲ့ဦးလေးကြီးကတော့ အားတက်သရောနဲ့ နှုတ်ဆက်ရင်း သူတို့အိတ်တွေကို ကားထဲထည့်နေတယ်။
"ဆရာတို့ကို ကျွန်တော်လာစောင့်နေတာကြာပြီ ရွာလေးရောက်ဖို့ကနောက်ထပ်တစ်နာရီလောက်တော့မောင်းရအုံးမယ် ရွာကလူတွေလည်းမျှော်နေကြရှာတာ တော်တော်လေးပျော်နေကြတာဗျ ရွာကနည်းနည်းခေါင်တော့ မြို့က စေတနာဝန်ထမ်းအဖြစ်လာကြတာရှားတယ်လေ......."
ကားစထွက်တည်းက ရွာလေးကိုစေတနာ့ဝန်ထမ်းတွေအဖြစ်လာပေးလို့ကျေးဇူးတင်ကြောင်း၊သိပ်ကိုဝမ်းသာကြောင်းစသဖြင့် ပေါက်ပေါက်ဖောက်နေတဲ့ဦးလေးကြီးက သိပ်ကိုပျော်ရွှင်နေဟန်။ ရိပေါ်တို့မှာတော့ ပါးစပ်ကိုတင်းတင်းစိကာပြုံးလို့ ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ပေးလာရတယ်။ ပြန်ပြောဖို့တော့ပါးစပ်ကိုသူတို့မဖွင့်ရဲပါ။ မှန်ပြန်တင်လို့မရတဲ့ကားလေးက ဖုန်မှုန့်တွေနဲ့ပြည့်သိပ်လို့နေတာမို့။