<Unicode>
နာရီလက်တံတွေကို နည်းနည်းပြန်ရစ်ကြည့်ရရင် အတိတ်တွေက ပျော်စရာတွေချည်းတော့
မဟုတ်ခဲ့ဘူး ။ရှောင်းကျန့်ကို မိဘမဲ့ဂေဟာအနီးက
ဝက်သစ်ချပင်ကြီးရဲ့ အောက်မှာ တွေ့ခဲ့ရတာလို့ မာသာကြီးက ပြောတယ် ။အနှီးထုပ်ထဲက နှီနှီရဲရဲ ကလေးလေးက
နူတ်ခမ်းအောက်မှာ မှဲ့နက်ကလေးနဲ့
မြင်မြင်ချင်း ချစ်ဖို့ကောင်းလွန်းတယ်တဲ့ ။ရုပ်ရည်သွင်ပြင်ကို အကဲခပ်ပြီးတဲ့နောက်
မာသာကြီးက ဒီကလေးဟာ မခေတဲ့ ကလေးလို့ သက်မှတ်တယ် ၊ သူ့လက်ပေါ်မှာ တဖြည်းဖြည်း အရွယ်ရောက်လို့ လာလေ
လိမ္မာပါးနပ်တယ်ဆိုတာ သိလာရလေပဲ...ကလေးလေး ဂေဟာကို ရောက်တာ သုံးနှစ်အတိပြည့်တဲ့နေ့မှာ ကျောင်းဆရာမလေးတစ်ဦးက မွေးစားဖို့ တောင်းဆိုတယ် ၊ သူ့ကို မြင်မြင်ချင်း လက်ကလေးကို အသာဆုပ်လို့ မျက်လုံးကြည်ကြည်လေးတွေနဲ့ စူးစိုက်ကြည့်နေတဲ့ ရှောင်းကျန့်လေးက သူမကို မေတ္တာတွေအပြည့် နဲ့ ညို့ခဲ့တယ် ထင်ပါရဲ့...
တည်တည်ကြည်ကြည် နဲ့ ဆရာမလေးက ရှောင်းပေါက်စအတွက် လမ်းပြကောင်းကောင်း ဖြစ်ပေးနိုင်မယ်လို့ ယုံကြည်တဲ့ မာသာကြီးက
ကတိအထပ်ထပ်တောင်းလို့ သူမလက်ထဲ ဝကွက်အပ်တယ် ။အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိတဲ့ သူမဟာ
ဒီကလေးကို ဘဝထဲ ဆွဲသွင်းရင်း နှလုံးသားထဲ အပြည့်ထည့်ထားခဲ့ပါတယ် ။ ချစ်မွှေးပါတဲ့ ဒီကလေးလေးဟာ သူမ မိဘတွေရဲ့ လိုလားစွာ ကြိုဆိုခြင်းကို ရရှိတယ်...ဝမ်း နဲ့ မလွယ်ခဲ့ရပေမဲ့ ဦးနှောက်ထဲမှာ အပြည့်လွယ်လို့
သူ့အနာဂါတ်လေး လင်းလက်ဖို့ သူမကပဲ
အဖေ လိုရော အမေလိုရော ကြပ်ကြပ်မတ်မတ် စောင့်ရှောက်ခဲ့တယ်...စည်းကမ်းကြီးတဲ့ သူမရဲ့ လက်အောက်မှာ
ချစ်စဖွယ်ကလေးလေးက လှပစွာ ဖူးဝင့်လို့ လာလေတယ် ၊ မနူးညံ့တတ်တဲ့ သူမက စကားချိုချိုလေးတွေ မဆိုတတ်ပေမဲ့ မေတ္တာအရှိန်အဟုန်ကိုတော့ သံသယ ဝင်စရာ မရှိခဲ့ပါ ။ဉာဏ်ကောင်းပြီး သိပ်ကို ထူးချွန်တဲ့ရှောင်းကျန့်ဟာ သူဖြစ်ချင်တာကို ကောင်းကောင်းသိခဲ့တယ် ၊ တစိုက်မက်မက်နဲ့ ကြိုးစားတဲ့ ဒီကေလးဟာ ကျောင်းတက်ချိန်ကစလို့ အလုပ်ခွင်ထဲ ဝင်တဲ့အထိ အကုန်လုံးက ချီးကျူးရတာပဲ...ဆေးပညာကို သေချာသင်ယူလို့ စာမေးပွဲတိုင်း အောင်ပန်းဆင်တယ် ၊ တစ်ဘွဲ့ပြီး တစ်ဘွဲ့ ပတ်သိမ်းရင်း 26နှစ်မှာ သူက Assistant professor ဖြစ်လို့နေပြီ ။