<Unicode>
ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေမိတာ ဘယ်နှစ်ကြိမ်မှန်းမသိ။ သူ့ခြံနံဘေးက အစိမ်းရောင် အိမ်လေးရှေ့ရောက်အောင်သွားလိုက် ပြန်လှည့်လာလိုက်နဲ့ ရှောင်းကျန့် ဗျာများနေသည်။
"ကျန့်.....ကျန့်ကောလား....."
ခြံတံခါးလာပိတ်ဟန်တူတဲ့ လီယန်က လျှောက်လမ်းပေါ် လူးလားခေါက်ပြန် လုပ်နေတဲ့သူ့ကို မျက်လုံးအပြူးသားနဲ့စူးစမ်းလာတယ်။
"ဟို.....ညစာစားတာများသွားလို့ လမ်းထွက်လျှောက်နေတာပါ"
သူခိုးလူမိသလို ပုံစံနဲ့ သူမမေးရပါပဲ ဖြေရှင်းချက်ပေးလာသော ကျန့်ကောပုံစံက ထူးဆန်းနေတယ်။ အင်း.....တစ်မျိုးတော့ တစ်မျိုးပဲ။
"ဟိုဟာလေ.......ရွာတွေဘက်သွားတာ အဆင်ပြေခဲ့ရဲ့လား"
"ဟုတ် ပြေပါတယ်ခင်ဗျ"
"အော်..... အင်း....အင်း...."ညနေပြန်ရောက်လာတည်းက တင်ပြပြီးတဲ့ရွာတွေဘက်သွားတဲ့ကိစ္စကို ခုမှအထူးတလည်မေးလာတာမို့ လီယန်မှာအူတူတူနဲ့ခေါင်းညိတ်ရပြန်တယ်။ ခေါင်းတညိတ်ညိတ်နဲ့ တစ်ခုခုကိုစဉ်းစားနေတဲ့ ရှောင်းကျန့်က ပြောစရာရှိနေတဲ့ပုံပင်။
"ဟို.... ကျန့်ကော ကျွန်တော့်ကို တစ်ခုခု ပြောစရာများရှိနေတာလား"
သူမေးလိုက်တော့ တစ်ချက်မော့ကြည့်လာတယ်။ သိသာနေလားဆိုတဲ့ အကြည့်နဲ့။
"ရိ....ရိပေါ်....သူ...အဆင်ပြေလား"
"ဟမ်.....ရိပေါ်?"
"ဟိုလေ.....ညနေက သူနေမကောင်းဘူးကြားမိလို့"
"အော်..... အစာမကြေဖြစ်တာပါ၊ သူညနေစာတောင်နည်းနည်းပဲစားတယ်၊ မအီမသာတော့ဖြစ်နေသေးတယ်ထင်တယ်"
"ဟုတ်လား"လက်နဲ့တို့ပေးလိုက်တဲ့ ထိကရုန်းပင်လို ညှိုးကျသွားတဲ့ မျက်နှာကိုကြည့်ရင်း လီယန်အော်ရယ်ချင်သွားတယ်။
"သိပ်တော့မစိုးရိမ်ပါနဲ့ ကော သူခုအိပ်နေပြီ ဝင်ကြည့်ချင်သေးလား"
ပြောရင်းဆိုရင်း ခြံတံခါးလေးကို ပြန်ဖွင့်တော့
"ဟမ်....ရတယ် တော်ပြီ ဒီတိုင်းမေးကြည့်ရုံတင်ပါ ကော သွားပြီ"