B4tCM (14)

589 104 6
                                    

သမီးရဲ့ နာမည်က Kim Taeyeon ပါ။ အသက် ၇နှစ်ရှိပါပြီ။ အဖေနဲ့အမေ ရှိတယ် ပြောကြပေမဲ့ တစ်ခါမှလည်း မတွေ့ဖူးပါဘူး။ အဘွားကတော့ အမြဲ ပြောတယ်... သူတို့က ဆုံးသွားတာ၊ သေသွားတာ တဲ့။ ဆုံးတာနဲ့ သေတာကို နားမလည်ပေမဲ့ မတွေ့ရတော့တာကို ပြောတယ် ထင်ပါတယ်။ အခုလည်း အဘွားက ဆုံးသွားပြီလို့ အိမ်နီးချင်းတွေက ပြောကြတယ်။ အခုတော့ သမီးက အဘွားကိုပါ မတွေ့ရတော့ဘူးပဲ...။

အဘွားကို မတွေ့ရတော့တဲ့ ကိစ္စကလည်း လုပ်ရတာတွေ အများကြီးပဲ၊ လူတွေလည်း အများကြီး လာကြတယ်။ သမီးကတော့ အဘွားကိုပဲ တွေ့ချင်ပါတယ်။

☁️

"သမီးလေးက Kim Taeyeon လား"
အဘွားဖြစ်သူရဲ့ နာရေးကို Taeyeon ခမျာ ကလေးတန်မဲ့ အိမ်ရှင် လုပ်နေရရှာသည်။ တစ်ခုမှ မသိသော်လည်း အိမ်နီးချင်းများ၏ အကူအညီဖြင့် ထိုင်ဆို ထိုင်၊ ထ ဆိုလျှင် ထဖြင့် အူကြောင်ကြောင်ပင်...။

"ဟုတ်ပါတယ် ဦးလေး... အဘွားကို ကန်တော့ပြီးရင် ဒီဘက်ကို လာထိုင်ပါ"
လက်ဖဝါးသေးသေးဖြင့် ကလေးငယ်သည် လူကြီး၏ လက်ညိုးတစ်ချောင်းတည်းကို ဆုပ်ကိုင်ကာ စားပွဲများဆီသို့ ဆွဲခေါ်သွားသည်။

"သမီးလေး.."
အသက်လေးဆယ်အရွယ် ထိုယောက်ျားသည် ၇နှစ်အရွယ် Taeyeon ကို ပွေ့ချီလိုက်သည်။

"ဦးလေး နောက်ကျသွားတာ တောင်းပန်ပါတယ်ကွယ်... သမီးလေးကို ဒီလောက် ဒုက္ခခံစေမိပြီ... အခုကစပြီး သမီးကို ဦးလေးက ပြုစုပျိုးထောင်ပေးပါ့မယ်"
ဦးလေးကြီးသည် မိမိအား ပွေ့ချီပြီး မျက်ရည်စက်လက်နှင့် စကားပြောနေသည်။ ပြောနေသည့် အဓိပ္ပါယ်ကိုလည်း Taeyeon နားမလည်...။

"မငိုပါနဲ့... ဦးလေးက ဘယ်သူလဲ"
လက်ဖဝါးသေးသေးလေးက ယောက်ျားရင့်မာကြီး၏ မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးသည်။

"သမီးအမေရဲ့ အစ်ကို... သမီးရဲ့ ဦးလေး"

"ဦးလေး.."
ကလေးငယ်သည် ခေတ္တ တွေဝေသွားသည်။

"ဒါဆို အဘွားကို လာနှုတ်ဆက်တာ မဟုတ်ဘူးလား"

"ခမည်းခမက်ကိုလည်း လာနှုတ်ဆက်ရင်း သမီးကိုလည်း လာခေါ်ရင်းပေါ့"

Before the clouds meltWhere stories live. Discover now