B4tCM (7)

594 106 8
                                    

မနက်ခင်း အိပ်ရာမှ နိုးလာသည့်တိုင် ရင်ထဲမှ နှလုံးသားက တလှပ်လှပ် ဖြစ်နေသည့်ခံစားချက်သည် Tiffany အဖို့ လတ်လတ်ဆတ်ဆတ် ဖြစ်နေသည်။ Johnny မှာ မနိုးသေး၊ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်လျက်ရှိသည်။ အချိန်မှာလည်း စောသေးသည်။ မနက်ခင်း၏ အလင်းရောင်သည် ယခုမှ အမှောင်ထုကို ဖြိုခွဲဆဲ ဖြစ်သည်။ Tiffany လည်း Taeyeon မနိုးလောက်သေး ဟု တွေးမိပြီး ထမင်းစားခန်းသို့ ရေတစ်ခွက်လောက်သောက်ရန် ထွက်လာသည်။ ဘာရယ်မဟုတ်၊ အမှားလုပ်မိသလို ခံစားရသည်မို့ Taeyeon နှင့် မျက်နှာချင်းဆိုင်ရမည်ကို Tiffany မျက်နှာပူနေမိသည်။

Tiffany မှာ ထမင်းစားခန်း အနားသို့ရောက်မှ ကော်ဖီဖျော်ရန် အလုပ်ရှုပ်နေသော ကောင်မလေး၏ ကျောပြင်ကို တွေ့တော့သည်။ ထို့ကြောင့် Tiffany လည်း အိပ်ခန်းထဲ ပြန်ဝင်ဖို့ ခန္ဓာကိုယ်ကို ဆတ်ခနဲ ပြန်ဆွဲလှည့်လိုက်သည်။

“ကော်ဖီ ပူတုန်း တစ်ခါတည်း သောက်မလား”
နောက်ကျောဘက်မှ အသံသည် သူ့ကို ရည်ညွှန်းနေမှန်း Tiffany သိသည်။ နောက်ကို ပြန်လှည့်ကြည့်လိုက်သောအခါ ကောင်မလေးသည် သူ့အား ကျောပေးထားဆဲ။ ခပ်ဆွဲဆွဲ လျှောက်နေသော Tiffany ၏ ခြေလှမ်းများ အောက်တွင် အိမ်စီးဖိနပ်နှင့် ကြမ်းပြင်တို့သည် အသာအယာ ပွတ်တိုက်နေသည်။ ခေါင်းထဲတွင် တစ်ခုမှ ပေါ်မလာသည့်အဆုံးတွင် Tiffany ၏ လက်တစ်ဖက်က ကောင်မလေးကို နောက်ကျောဘက်မှ သိုင်းဖက်ပြီးသား ဖြစ်နေသည်။ ကျောပြင် သေးသေးပေါ်တွင် သူ့ပါးကို အပ်ပြီး ခေါင်းကို မှီထားမိသည်။

“ဒီလို ကောင်မလေး ဝင်လာတာ အဆင်ပြေပါတယ်။ ရှုပ်ထွေးနေတဲ့ ခံစားချက်တွေကတော့ အဆင်မပြေဘူး”
လက်ဖဝါးများ အေးစက်နေတတ်သော ကောင်မလေး၏ ကျောပြင်သည် နွေး‌လွန်းလှသည်။ နောက်ကျောမှ သိုင်းဖက်ခံထားရသော Taeyeon သည် လှည့်လာကာ Tiffany အား ပြန်ဖက်လိုက်သည်။ မတိမ်းမယိမ်း အရပ်ကြောင့် Tiffany ၏ ခေါင်းမှာ Taeyeon ၏ ပခုံးပေါ် ရောက်နေသည်။

“ဘယ်လိုဖြစ်ဖြစ် အဆင်ပြေတာမို့လို့ အစ်မ အဆင်ပြေဖို့ကိုပဲ တွေးပါ”

“အင်း..”  
ဖက်ထား‌သော လက်များကို ဖြေလျှော့ပြီး Taeyeon သည် Tiffany ၏ လက်မောင်းနှစ်ဖက်မှ ညင်သာစွာကိုင်ကာ သူ့ကိုယ်မှာ ခွာလိုက်သည်။ Tiffany၏ မျက်လုံးများမှာ အောက်သို့ ငိုက်စိုက်နေပြီး Taeyeon နှင့် အကြည့်ချင်း မဆုံရဲပုံ။

Before the clouds meltWhere stories live. Discover now