<Unicode>
ညနေခင်းမှာ ကား၂စီးယှဉ်ရပ်ထားပြီး လူ၂ယောက်ကလဲ ကားကိုမှီကာ ဘေးချင်းယှဉ်ရပ်နေကြသည်။ နေဝင်တော့မဲ့ အချိန်ကိုကြည့်ရင်း သူတို့နှစ်ယောက်တိတ်ဆိတ်နေကြသည်။
"တောင်းပန်ပါတယ်"
အောင်ခန့်ရဲ့တောင်းပန်စကားကိုမင်းဆက်ကပြုံးလိုက်သည်။
ဒီကောင်လေး မလိုအပ်တာကိုတောင်းပန်နေပြန်ပြီ။ သူပြုံးလိုက်ပြီး အောင်ခန့်ကိုလှည့်မကြည့်ပြီးဘဲနဲ့
"မလိုဘူး မင်းနေရာမှာငါဆိုလဲ အဲ့လိုပဲထင်မိမှာ"
သူပြောလိုက်တော့ အောင်ခန့်ကငြိမ်နေသည်။ ထို့နောက် သူ့ကိုလှည့်ကြည့်ပြီး
"ခုရော ကုမ္မဏီမှာပဲလား"
"အင်း ကုမ္မဏီမှာပဲ"
"ကောင်းပါတယ် သေနတ်မကိုင်ရတော့ဘူးပေါ့"
"အင်း ခဏတော့မကိုင်ဘဲနေကြည့်မလို့"
"အင်း "
ထို့နောက် နှစ်ယောက်စလုံးတိတ်ဆိတ်သွားသည်။ အောင်ခန့် ကသူ့ရှေ့ကိုလာရပ်ပြီး ခေါင်းငုံ့သည်။
"အစစအရာရာကျေးးဇူးတင်ပါတယ်ခေါင်းဆောင်
ဒီအတောအတွင်း အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်"သူ့ရှေ့က အောင်ခန့်ကိုကြည့်ကာ မျက်ရည်ဝဲလာသည်။ သူ့ညီလေးလိုခင်ရတဲ့ကောင်လေး။
သူပြုံးလိုက်ပြီး ရှေ့နားသွားကာအောင်ခန့်ကိုဖက်ထားလိုက်သည်။
ကျောကိုဖွဖွလေးပုတ်ပေးကာ.....
"အင်း ငါလဲကျေးဇူးတင်တယ် မင်းတို့နဲ့တွေ့ရတဲ့အတွက်လဲ ငါတကယ်ပျော်တယ်"
အောင်ခန့်က ငိုရင်းသူ့ကျောကိုပြန်ဖက်ထားသည်။ ထို့နောက် တရှုံ့ရှုံနဲ့ငိုတော့သည်။
ဒီကောင်လေးဘယ်လောက်ဝမ်းနည်းနေမလဲသူသိတာပေါ့။
"အင်း ငါကမင်းရဲ့အကိုပဲ ဟုတ်ပြီလားဘာကိစ္စပဲရှိရှိ ငါ့ဆီလာ ရှင်းခန့်ရဲ့ ညီကငါ့ညီပဲလေ "
"ခေါင်းဆောင် အင့်! "
ကြိတ်ပြီးငိုနေတဲ့အောင်ခန့်ကိုသူဖက်ပြီးနှစ်သိမ့်ပေးလိုက်သည်။ ပထမကြိတ်ငိုရာမှ ခဏကြာတော့ အသံထွက်အောင်ငိုတော့သည်။