[ 🌿 𝒁𝒂𝒘𝒈𝒚𝒊 🌿]
"စားပဲစားမနေနဲ့ဦး... သေချာလေးကြည့်ဦး"ကားထဲမှာထိုင်ကာ မုန့်စားနေသော အောင်ခန့်ကိုရှင်းခန့်ကပြောလိုက်သည်။ ရောက်လာထဲက မုန့်ထုတ်ဖောက်ကာ အေးအေးဆေးဆေးစားနေသောအောင်ခန့်ကြောင့် သူခေါင်းခါမိသည်။
"အကိုကလဲ ဒီအချိန်ကြီးရောက်နေပြီ ...လမ်းပေါ်မှာဘယ်သူမှမရှိဘူး...ကျွန်တော်တို့ပဲရှိတယ်.... စောင့်ကြည့်နေရင်ရော ထူးခြားပါ့မလား ...ကျွန်တော်တို့အဖြစ်ကလဲ ကင်းသမားဖြစ်နေပြီ"
ညတိုင်း ဒေါ်ချိုဇင်တို့ရက်ကွက်ထဲကို ညတိုင်း၊ နေ့တိုင်း လာစောင့်နေရ၍ အောင်ခန့်ကဆိုသည်။
"ခဏနေပါဦး ... အချိန်နည်းနည်းလောက်ဆက်ကြည့်ရအောင်"
ရှင်းခန့်ကပြောတော့ အောင်ခန့်ကခေါင်းညိတ်ပြီး လက်ထဲကကော်ဖီအေးဗူးကိုကိုင်ကာ သောက်နေလိုက်သည်။ရှင်းခန့်လဲ ကူရှင်မှာမှီပြီး လက်ပိုက်ကာ စောင့်နေလိုက်သည်။
နာရီကိုကြည့်တော့ ည၁နာရီ၁၅မိနစ်ရှိနေသည်။ ရှင်းခန့် အိပ်ချင်နေသော မျက်လုံးကိုလက်မဖြင့်ဖွဖွလေး ပွတ်လိုက်ကာ အာရုံစိုက်ပြီး စောင့်ကြည့်နေလိုက်သည်။
"အကို .. ဟိုမှာ ကြည့်"
ရှင်းခန့် ခဏမှေးနေရာမှ အိပ်ပျော်သွားသောအချိန် အောင်ခန့်၏ ခပ်တိုးတိုးအသံကြောင့် နိုးလာသည်။
"ရှေ့ကိုကြည့်"
အောင်ခန့်ပြောတဲ့ ရှေ့ကိုကြည့်တော့ တစ်အိမ်လုံးမီးမှိတ်ထားသော ဒေါ်ချိုဇင်၏ အိမ်ကအိမ်ရှေ့ခြံတံခါးတွင်မီးလင်းလာ၍ သူတို့၂ယောက် သတိထားလိုက်သည်။
ထို့နောက် ခြံတံခါးကိုဖွင့်ပြီး အရိပ်မဲမဲတစ်ခုထွက်လာ၍ အောင်ခန့်က ခါးကသေနတ်ကိုစမ်းလိုက်သည်။
ထိုအရိပ်က ခိုးကြောင်ခိုးဝှက်ပုံစံနှင့် တစ်နေရာရာကိုထွက်သွားသည်။ ရှင်းခန့် ခပ်တိုးတိုးပြောလိုက်သည်။
"ဒေါ်ချိုဇင်ဖြစ်နိုင်တယ် ...မင်းဒီမှာဆက်စောင့်နေ.. ငါလိုက်သွားမယ်"
"အွန်း... သတိထား"
"အေး"
ရှင်းခန့် သေနတ်ကိုခါးတွင်ချိတ်ပြီး နားကြပ်ကိုတပ်ကာ ကားတံခါးဖွင့်ပြီး မသိမသာနှင့် ထိုလူ၏နောက်ကနေလိုက်သွားသည်။