[Unicode]
အမိုးပေါ်မှ ကျလာသော မိုးရေတွေကို လက်နှင့် ခံယူလိုက်တော့ အေးစိမ့်စိမ့် အထိအတွေ့က ရင်ထဲအထိ ရောက်သွားသည်။ လမ်းမပေါ် တဗြောင်းဗြောင်း ကျနေသော မိုးရေတွေ လာစင်ပြီး ပုဆိုးအနားစတွေက အနည်းငယ် စိုလာသဖြင့် နောက်သို့တော့ ဆုတ်လိုက်၏။
ကျောဘက်ခြမ်းဆီက တွတ်တီးတွတ်တာ စကားသံများ ကြားလာရသည်။ ကျောင်းဆင်းပြီမှန်း သိလိုက်ပြီမို့ တိုင်လုံးကိုမှီကာ ထိုအသံများ ရှိရာဘက် လှည့်လိုက်လျှင် မျက်မှန်းတန်းမိနေပြီဖြစ်သော သူများက လွမ်းလတ်နောင်အား ပြုံးပြကြ၏။
"ငါ့သူငယ်ချင်းကကွာ။ ချောင်းပေါက်အောင်ကို လာနေတော့တာပဲ။"
ကိုဆက်က သူ့ကို မြင်တော့ ပြုံးစိစိဖြင့် ပြေးလာသည်။ ဆင်းလာသူများကို သူပါ လိုက်ကြည့်ပြီး ရှာဖွေနေ၏။
"ကဲ ပြောစမ်း။ မဲပေါက်သွားတာ ဘယ်သူလဲ။"
"နေစမ်းပါကွာ မင်းကလည်း။ အချိန်တန်ရင် ငါပြောပြမယ်။"
ကိုဆက်က မကျေနပ်စွာ လက်မောင်းအား တစ်ချက်ထိုးသည်။
"အေးပါ လျှိုထား၊ လျှိုထား။ အဆောင်နာမည် သိချင်လို့ပါတို့၊ အစ်ကိုတို့ ဘာတို့ရှိလားတို့ လာမမေးနဲ့။ ပြောမပြဘူး။"
"ရတယ် ကိစ္စမရှိဘူး"
အကြောခပ်တင်းတင်းဖြင့်သာ လွမ်းလတ်နောင် ပြန်ဖြေလိုက်သည်။ စိတ်ထဲ တွေးမိနေသည်က သောင်ယံဦးကို သူ့ထက် ပိုသိသူများ ရှိဦးမတဲ့လား။
မင်းမပြောလည်း ငါကသိပြီးသား ကိုဆက် ဟားဟား။
"တည်ငြိမ်လှချည်လားကွ။ လွမ်းလတ်နောင်မှ ဟုတ်ရဲ့လား။"
"ဟေ့ရောင် ဟိုမှာ မင်းကောင်မလေး..."
"ဟမ်"
"ဟိုမှာ သွားပြီ။ ဟိုးရောက်သွားပြီ။ လိုက်လိုက်။"
ဆံနွယ်ရှည်ရှည်လေးတွေ ရှိသော ပန်းနုရောင်၀တ်စုံ ၀တ်ဆင်ထားသည့် ကောင်မလေးရှိရာ နေရာ လက်ညိုးညွန်ပြလိုက်သည် နှင့်တစ်ပြိုင်နက် ကိုဆက်က သူ့နား မရှိတော့။ တစ်ဟုန်ထိုးပင် ပြေးထွက်သွားသည်ကို ကြည့်ကာ ရယ်မောလိုက်မိသည်။
YOU ARE READING
အစိမ်းရင့်ရောင် စာမျက်နှာ { Completed }
Teen Fictionဆုံဆည်းခဲ့ကြချိန်ဟာ ဒုက္ခတို့မြစ်ဖျားခံခဲ့ရာ မူလအစဖြစ်ခဲ့လျှင် ခွဲခွာခဲ့ရချိန်သည်ကား ချစ်ခြင်းတရားတို့ ထက်သန်ခိုင်မာရာဖြစ်သည်။ 📖 15/12/2020 - 13/3/2021 ✍️ 16/07/2020 - 24/10/2020