အဆော့မက်တဲ့ ဝမ်ရိပေါ်ဟာ လူပျိုပေါက်အရွယ် ကျောင်းသားလေးဖြစ်လာတဲ့အထိ ပြေးတုန်းလွှားတုန်း။
ဘာမှန်းမသိ သဘောကျပါတယ်ဆိုပြီး အတင်းပူဆာလို့ ဝယ်ပေးရတဲ့ ဘီးတပ် စကိတ်ဖိနပ်ကို တရွှေ့ရွှေ့နဲ့ စီးတယ်။ အဖော်လိုက်ပေးတဲ့ ရှောင်းကျန့်ကတော့ သူ့ကလေး ဘယ်တော့ ပြုတ်ကျမလဲ ရင်တထိတ်ထိတ်နဲ့။
မြေပြင်မညီတဲ့နေရာတွေမှာ ပြုတ်ကျသွားမှာစိုးရတာ တစ်ကြောင်း ဘီးလေးသုံးခုက ဖိနပ်အလည်တည့်တည့်မှာသာပါတာကြောင့် အသည်းတယားယားဖြစ်ရတာ တစ်ကြောင်း။
"ရိပေါ်... တော်တော့ကွာ စက်ဘီးပဲ ပတ်စီးရအောင်နော်"
"ကိုကိုစီးလေ သားက စကိတ်နဲ့လိုက်မယ်"
ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်တို့နေထိုင်တဲ့ ရပ်ကွက်ပတ်ဝန်းကျင်မှာ မြစ်ကမ်းတစ်ခုရှိတယ်။ ညနေဖက် လေအေးအေးမှာ သူတို့လို လူငယ်လေးအချို့ကလည်း စက်ဘီးစီးလိုက် အုပ်စုလိုက်စကားတွေစုပြောလိုက်နဲ့ တော်တော်လေးလည်းစည်ကားတယ်။
အမြဲတမ်းကွဲထွက်နေတာတော့ ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်။ နှစ်ယောက်က တပူးပူးတတွဲတွဲရယ်နဲ့။
စကိတ်ပဲစီးချင်နေတဲ့ ကောင်လေးကို အလိုလိုက်တော့ အစ်ကိုကြီးရှောင်းက စက်ဘီးကိုပဲ စီးရတော့တာ။ ခပ်ဖြေးဖြေးပဲ နင်းနေရင်း စိတ်မချမိတဲ့ ကလေးကို လှည့်လှည့်ကြည့်ရသေးတယ်။
"ချော်လဲမယ်နော် ဝမ်ရိပေါ်"
ကိုကို့လေသံက နည်းနည်းအောင့်သီးအောင့်သက်နဲ့။ စကိတ်အတူစီးမယ်ခေါ်တော့လည်း မဟုတ်။ သု့ကိုကျတော့လည်းစိတ်ပူနေပြန်တာပဲ။ ကိုကိုက တအားချေးထူ။
"ရိပေါ် ပြန်ကြစို့"
"ရောက်တာမှ ဘယ်လောက်မှ မကြာသေးတာ ကိုကိုကလည်းကွာ"
"ပြန်မယ်ဆိုနေ"
"အိုကေ"
တမံတလင်းပေါ် တင်ချထိုင်ရင်း ဘီးပါတဲ့ဖိနပ်တွေကို ဆွဲချွတ်လိုက်ရင်း စူပုတ်ဆောင့်အောင့်တယ်။
"ဟေ့... "
ထထွက်သွားတဲ့ ဝမ်ရိပေါ်က စိတ်အလွန်ကောက်ပါတယ်။ ရှောင်းကျန့်ကတော့ ချော့ပေါ့။