"တစ် နှစ် သုံး လေး ငါး ခြောက် ရှစ် တစ်ဆယ်"
စူပုပ်သွားတဲ့ နှုတ်ခမ်းလေးနဲ့အတူ တဖက်ပို့ထားပြီးမခေါက်ရသေးတဲ့စက္ကူအိတ်တွေကို ပြန်ယူပြီး ရေတွက်ပြန်တယ်။
"တစ် နှစ် သုံး လေး ငါး ခြောက် တစ်ဆယ်"
ဝမ်ရိပေါ်လေးစိတ်တိုလာပြီ။
မျက်ခုံးထူထူကလေးကို တွန့်ကျုံ့သွားအောင် ချိုးချလိုက်တယ်။ သူ့လက်ထဲမှာ ကိုကိုပေးထားတာ ဆယ်ခု... ဘာဖြစ်လို့ ရေတွက်ပြီးတာတောင် ဘေးမှာ အိတ်တွေကျန်နေသေးရတာလဲ။မကျေမနပ်ဖြစ်ပြီး တစ်ခါထပ်ရေတွက်ပြန်တယ်။
ဘေးမှာထိုင်နေတဲ့ ရှောင်းကျန့်ကတော့ သူ့တာဝန်အတိုင်း မုန့်ထည့်တဲ့ စက္ကူအိတ်လေးတွေပေါ်မှာ စာလေးတွေဆက်ရေးရင်း ခြောက်ပြီးတော့ တစ်ဆယ်ရေတွက်နေတဲ့ ကလေးပေါက်စကို ကြိတ်ရယ်နေရတယ်။
ဝမ်ရိပေါ်သေးသေးလေးက စိတ်တိုရင် တအားချစ်စရာကောင်းပြန်တယ်။
ချစ်စရာမကောင်းတဲ့အချိန်မရှိသလောက်ရှားတဲ့ ဝမ်ရိပေါ်ရဲ့ အပြုအမူက မြင်သူတိုင်းကို အသည်းတယားယားချစ်မြတ်နိုးစေမှာပါပဲ။
"ဝမ်ပေါက်စီ... လာ ကိုကို့ကိုပေး"
ရှောင်းကျန့် ခေါ်လိုက်တော့ အရည်လဲ့နေသယောင်မျက်ဝန်းလေးတွေက ကူကယ်ရာမဲ့တဲ့ ခွေးပေါက်ကလေးလို သူ့ကိုမော့ကြည့်လာတယ်။
"အယ် ငိုရဘူးလေ"
မျက်လုံးဝိုင်းဝိုင်းကြီးတွေက အရည်တွေလဲ့လို့ မျက်ရည်တွေပါ အိခနဲကျလာလေရဲ့။
ရှောင်းကျန့်က မငိုဖို့ပြောတော့မှာ ငိုချင်လျက်လက်တို့ ဝမ်ပေါက်စီက အိခနဲ မျက်ရည်တွေသွန်ချတော့တာပဲ။
ဝတုတ်ကလေးပိုဖြစ်လာတဲ့ ရိပေါ်လေးကို ရှောင်းကျန့်ပေါင်ပေါ်ဆွဲတင်လိုက်တယ်။
"အိုက်ယား ငိုစရာလိုလို့လား"
"များရီး ပိုနေတာ... စာရွက်အိတ်တွေက"
လက်သီးလေးဆုပ်ပြီး မျက်လုံးတွေက်ုပွတ်နေတော့ ရှောင်းကျန့်က အစ်ကိုကြီးပီပီမလုပ်ဖို့တားရသေးတယ်။