Unicode,
ဆေးရုံဆင်းရန်ပြင်ဆင်ဖို့အတွက် ဆေးရုံခန်းထဲတွင်တော့ ချင်းလင်တစ်ယောက်သိမ်းဆည်းသင့်တာကိုသိမ်းဆည်းကာအလုပ်ရှုပ်နေပေသည်။ချင်းလင်ကတက်ကြွနေသလောက် မလှုပ်မယှက်နှင့်ကုတင်ပေါ်က မရွေ့သူကတော့ ရိပေါ်ပင်။
'ရိပေါ် အင်္ကျီလဲတော့လေ ဘာထိုင်လုပ်နေတာလဲ'
လဲရမယ့်အင်္ကျီကိုကိုင်ထားလျက် ငူတူတူနှင့်သာထိုင်နေသည်။ပြန်ဖြေခြင်းအလျင်းမရှိ။
ထိုစဥ် အခန်းတံခါးပွင့်လာပြီး အရပ်ရှည်ရှည်သွယ်သွယ်လျလျနှင့် ချောမောသော အမျိုးသားတစ်ဦးဝင်လာလေသည်။ဂျူတီကုတ်ဝတ်လာသည်မို့ ဆရာဝန်ဖြစ်မည်မှာမလွဲဧကန်ပင်။
ထိုလူကိုမြင်သည်နှင့် ရိပေါ့်မျက်နှာဟာ လန်းလာတဲ့ပန်းတစ်ပွင့်နှယ်ဖြစ်သွားပေသည်။သို့သော်...
'ခင်များ ဘာလာလုပ်တာလဲ'
ထွက်လာတဲ့စကားတွေကတော့ ဆန့်ကျင်စွာ။
ချင်းလင်မှာရိပေါ့်အစားမျက်နှာပူ
သဖြင့် ထိုလူ့ကိုပြုံးပဲပြနေမိသည်။
#ရိပေါ်ဟာလေ စကားကို ဘယ်လိုပြောမှန်းကိုမသိဘူး#
'ဘာရယ်မဟုတ်ပါဘူး ဒီဘက်ရောက်တုန်း လမ်းကြုံတာနဲ့ဝင်လာလိုက်တာ'
အမှန်စင်စစ်မှာ ပြောစရာတွေရှိနေသည့်အတွက် ဂျူတီချိန် ချိန်းပြီးလာသော်လည်း အပြင်လူရှိနေတာကြောင့် မပြောဖို့ရန် ဆုံးဖြတ်ချက်ချလိုက်မိသည်။
'ဆရာ ထိုင်လေ စကားပြောနှင့်ဦးနော်။ရိပေါ် ငါ ဆေးရုံစရိတ်သွားရှင်းလိုက်ဦးမယ် မင်းပြီးရင်လိုက်ခဲ့လိုက်နော် ငါအဲ့မှာပဲစောင့်နေမယ်။'
'အွန်း'
ရိပေါ်ရဲ့ ရှည်လျားလွန်းလှသော အဖြေစကားကိုကြားပြီးနောက်ချင်းလင်တစ်ယောက်သိမ်းထားတဲ့အထုပ်တွေသယ်ပြီးအခန်းအပြင်ဘက်ထွက်သွားလေသည်။
အခန်းထဲတွင်ကျန်ခဲ့သောနှစ်ယောက်သားမှာ ဝစီပိတ်ကျင့်နေသည့်အလား စကားပြောဖို့ပင် ခက်ခဲလွန်းနေပေသည်။
စိတ်မရှည်သော ရိပေါ်မှာ ခုတင်ပေါ်မှ ထဖို့ရန် ပြင်နေပြီဖြစ်တာကြောင့် ရှောင်ကျန့်အလျင်အမြန်တားလိုက်မိသည်။
