Chapter-4

116K 10K 1.5K
                                    

ကျောင်းသားငါးယောက် ကျောင်းထုတ်ခံလိုက်ရပြီး မြို့တော်ရှိတက္ကသိုလ်များအားလုံးတွင် Black List သွင်းခံလိုက်ရသည်ဆိုသောသတင်းက ပင်မတက္ကသိုလ်ကြီးတွင်သာမက မြို့တော်တစ်ခုလုံးအနှံ့သတင်းပျံ့နှံ့နေတော့၏။

အနိုင်ကျင့်ခံရသော အိုမီဂါလေးက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်၏ အငယ်အနှောင်းမှရသောကလေးဖြစ်သည်မို့ ငယ်စဉ်ကတည်းက ခဏခဏအနိုင်ကျင့်ခံရခြင်းဖြစ်၏။ ကလေးဘဝကတည်းက အကြောက်တရားတို့ကြီးခဲ့သည်မို့ မိဘများကလည်း ဤမျှထိကိစ္စကြီးမှသိကြရခြင်းပင်။

တရားခံများကလည်းမိသားစုများကြီးကြသည်မို့ ပုံမှန်ဆို အမှုသေးအောင်ဖန်တီးပစ်၍ရနိုင်သော်ငြား ယခုတွင်တော့ နောက်ကွယ်တွင် တော်ဝင်စံအိမ်တော်ပါပါဝင်နေသည်မို့ မည်သည့်လုပ်ငန်းစုကြီးများ၏ ရှေ့နေများမှ မတတ်နိုင်ကြ။ ထို့ပြင် မူးယစ်ဆေးဝါးအမှုပါ နောက်ဆက်တွဲပါနေသည်မို့ ထိုလူငယ်များအားလုံးထိန်းသိမ်းခံလိုက်ရတော့သည်။

အမှုက တရားမျှတမှုမရှိစရာအကြောင်းမရှိပါချေ။ တော်ဝင်စံအိမ်တော်အားကျော်လွန်၍ မည်သူကမှလာဘ်စားကာ ပြစ်ဒဏ်ပေါ့လျော့ပေးရဲကြမည်မဟုတ်။

အိုမီဂါလေးကတော့ ဆေးရုံတက်နေရဆဲဖြစ်ကာ သူနှင့်ပတ်သက်၍သနားစရာကောင်းသည့် အတိတ်ကြောင်းတို့ကတော့ တက္ကသိုလ်တွင်ပျံ့နှံ့နေတော့သည်ပင်။ ထို့ပြင် အိုမီဂါလေးကို တော်ဝင်စံအိမ်တော်၏ အငယ်ဆုံးသခင်လေးက ကယ်လိုက်သည်ဟူသောသတင်းနှင့်အတူ ကိန်းခမ်းမဟာနွယ်၏ကျော်ကြားမှုက ပိုမိုကာမြင့်တက်သွားတော့၏။

တော်ဝင်မျိုးနွယ်၏သတင်းများက နိုင်ငံအတွင်း ထိပ်တန်းအဆင့်တွင်ပါဝင်ပြီး ပြည်သူများကလည်း သူတို့၏သတင်းများကို ရုပ်ရှင်မင်းသား၊ မင်းသမီးများ၏သတင်းများကဲ့သို့ စိတ်ဝင်စားကြသည်ဖြစ်ရာ သတင်းစာများ၏ခေါင်းစီးများပင်လျှင် စာလုံးကြီးများဖြင့်ရေးသားနေကြတော့သည်။

ကိန်းခမ်းအနေနှင့် လက်ရှိအခြေအနေအား အရမ်းစိတ်ရှုပ်နေရ၏။ သူက အေးဆေးနေချင်သူဖြစ်သော်ငြား မနက်ကတည်းက စံအိမ်ပတ်လည်တွင်ရောက်နေကြသော သတင်းထောက်များနှင့် ဓာတ်ပုံသမားများကို ရင်ဆိုင်လိုက်ရပြီး ကျောင်းကိုရောက်တော့လည်း နောက်တစ်သုတ်နှင့်ဆုံရသလို ကျောင်းထဲဝင်တော့လည်း လမ်းတစ်လျှောက် တွေ့သည့်သူတိုင်းနီးပါးက ပေါ်တင်တစ်မျိုး၊ ခိုးကြောင်ခိုးဝှက်တစ်မျိုး မှတ်တမ်းတင်ကြပြန်သည်။ကျောင်းတက်ရတာ နှစ်ရက်သာရှိသေးသော်ငြား တစ်ရက်ထက် နောက်တစ်ရက်က ပို၍ဆိုးနေ၏။

I bet you love me. [Completed]Where stories live. Discover now