Chapter-16

113K 9.8K 2.2K
                                    

ကိန်း စာကြည့်စားပွဲတွင်ထိုင်ရင်း ပြည်တွင်းစီးပွားရေးဈေးကွက်နှင့် ကမ္ဘာ့စီးပွားရေးအခြေအနေများကို လေ့လာကြည့်နေ၏။ နိုင်ငံရေးအခြေအနေပြောင်းလဲနေသည့်နိုင်ငံများတွင်တော့ စီးပွားရေးနယ်ပယ်၌ အနည်းငယ်လှုပ်ခတ်နေသော်ငြား သည်နိုင်ငံတွင်တော့ အရာအားလုံးက ပုံမှန်အတိုင်းလည်ပတ်နေဆဲပင်။

တော်ဝင်အိမ်တော်၏ထောက်ခံမှုကိုရခဲ့သော လက်ရှိအာဏာရထားသည့်အစိုးရအဖွဲ့သည် နိုင်ငံရေးတည်ငြိမ်မှုကိုအလေးအနက်ထားသောကြောင့် နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုတွေက ပိုမိုများပြားလာခဲ့ပြီး နိုင်ငံစီးပွားရေးသည်လည်း တဟုန်ထိုးတိုးတက်လာခဲ့၏။ အလုပ်အကိုင်အခွင့်အလမ်းများလည်း ယခင်ကထက်နှစ်ဆတိုးပွားလာခဲ့သည်ဖြစ်ရာ ပြည်သူများအားလုံးလည်း စိတ်ချမ်းသာနေကြတော့သည်။

ထို့ကြောင့် နိုင်ငံတစ်ခု၏စီးပွားရေးအခြေအနေကိုသုံးသပ်ချင်လျှင် ထိုနိုင်ငံ၏နိုင်ငံရေးအား လေ့လာသုံးသပ်ရန်သည် အရေးအကြီးဆုံးဖြစ်၏။

အဘယ့်ကြောင့်ဆိုသော် စွမ်းဆောင်ရည်မြင့်မားသည့်အစိုးရက နိုင်ငံတိုးတက်ဖွံ့ဖြိုးစေမည့်အခြေအနေများကိုသာ ဖန်တီးမည်ဖြစ်သော်ငြား ညံ့ဖျင်းတဲ့အစိုးရကတော့ စီးပွားရေးပျက်စီးမှုအတွက်ပျိုးကြဲပြီး နိုင်ငံပြိုကွဲပျက်စီးစေမည့်လမ်းကြောင်းကိုသာ ဖော်ဆောင်နိုင်ခြေများသောကြောင့်ပင်။ ထိုကဲ့သို့ အသိပညာနည်းသောအစိုးရနှင့်ကြုံရပါက မိမိတို့၏ရင်းနှီးမြှုပ်နှံမှုများ အလဟဿဆုံးရှုံးရနိုင်ပေ၏။

ဒေါက်…ဒေါက်…

ရုတ်တရက်ပြင်ပမှတံခါးခေါက်သံထွက်ပေါ်လာသည်မို့ ကိန်းလည်း သတင်းများတွင်အာရုံဝင်စားနေရာမှ ရပ်သွားပြီး လက်ကောက်ဝတ်မှနာရီကိုကြည့်လိုက်မိသည်။ အချိန်က သန်းခေါင်ကျော် ၁နာရီပင်ထိုးလုပြီဖြစ်တာကြောင့် မျက်မှောင်ကြုတ်သွားရ၏။

ဒီအချိန်ကြီးကို ဘယ်သူက တံခါးလာခေါက်တာလဲ…

အတွေးနှင့်အတူ ထိုင်နေရာမှထရပ်လိုက်သည်။ ညနေက ညစာစားပွဲတစ်ခုတက်ထားရသည်မို့ ခန္ဓာကိုယ်ထက်ဝတ်ထားသည့်အဝတ်အစားတို့အား ယခုထက်တိုင် မလဲရသေး။ ကုတ်နှင့် နက်ကတိုင်ကိုတော့ချွတ်ထားပြီး ရှပ်အင်္ကျီအဖြူကို ရင်ဘတ်ကြယ်သီးနှစ်လုံးဖြုတ်ထားတာကြောင့် ဖြူဝင်းသည့်ရင်အုပ်အတွင်းသားတို့အား လှစ်ဟပြထားသယောင်။

I bet you love me. [Completed]Where stories live. Discover now