Chapter-26

112K 8.6K 3.4K
                                    

တော်ဝင်စံအိမ်တော်၏ဝင်းထဲသို့ အနက်ရောင်ကားလေးစီး ရှေ့ဆင့်နောက်ဆင့်ဝင်လာပြီးနောက် ပင်မစံအိမ်တော်၏ရှေ့၌ ရပ်သွားကြ၏။ ဒုတိယမြောက်ကားဟာ စံအိမ်ဝင်ပေါက်ရှေ့တည့်တည့်၌ ရပ်သွားခြင်းဖြစ်ပြီး ထိုသို့ရပ်သွားသည်နှင့် စံအိမ်ရှေ့မှအစောင့်နှစ်ယောက်က နောက်ခန်းတံခါးတို့အား သွားဖွင့်ပေးလိုက်ကြသည်။

စံအိမ်၏အရှင်သခင် ဦးဘုန်းစက်မဟာနွယ်နှင့် ကြင်ယာတော် ဦးလက်ျာမင်းယုတို့မှာ တက္ကသိုလ်၏ကျောင်းသားဟောင်းများတွေ့ဆုံပွဲမှ ပြန်လာကြခြင်းဖြစ်ပြီး ယခုတွင်တော့ ကားပေါ်မှဆင်းလာကြပြီဖြစ်၏။ လွန်ခဲ့သော နှစ်သုံးဆယ်ကျော်အစောပိုင်းမှ ကျောင်းသားဟောင်းကြီးများ၏တွေ့ဆုံပွဲဖြစ်သည်မို့ သူတို့ဟာ သူငယ်ချင်းဟောင်းများနှင့် တွေ့ဆုံခဲ့ကြသည်ဆိုတာတော့ အသေအချာပင်။

သခင်နှစ်ယောက် အိမ်တော်ထဲသို့ဝင်သွားကြပြီး အပေါ်ထပ်သို့တန်းတက်သွားကြသည်နှင့် စံအိမ်မှဝန်ထမ်းများဟာ အချင်းချင်းမျက်လုံးဆုံသွားကြလျက် အသီးသီးခေါင်းခါလိုက်မိကြသည်။

ယနေ့ညတွင်တော့ ရာသီဥတုအခြေအနေမကောင်းနိုင်တော့မှန်း သူတို့အားလုံးသိလိုက်ကြပါ၏။

အကြောင်းမူကား အမြဲတပူးပူးတကပ်ကပ် နေတတ်ကြသော သူတို့၏သခင်နှစ်ယောက်စလုံးသည် ပြန်ဝင်လာချိန်ကတည်းက မျက်နှာမကောင်းကြသလို အထူးသဖြင့် အမြဲပြုံးနေတတ်ပြီး ကြင်ယာတော်၏လက်အား မလွှတ်တမ်းဆုပ်ကိုင်ထားတတ်သောသခင်ကြီးက ယခုတွင်တော့ မျက်နှာထက်အလိုမကျဟန်တို့အပြည့်ရှိနေပြီး ကြင်ယာတော်အားနောက်တွင်ထားခဲ့လျက် သူကအရင် ရှေ့မှဦးဆောင်ကာ အပေါ်သို့တက်သွားခြင်းကြောင့်ပေ။

အချိန်က ၆နာရီသာရှိသေးသည်မို့ ပြင်ပ၌ နေ့အလင်းရောင် ရှိနေသေး၏။

ဒုတိယထပ်မှ အိမ်ကြီးရှင်တို့၏သီးသန့်နေရာမှာ သခင်နှစ်ယောက်စလုံးဝင်ပြီးသွားသည်နှင့် တံခါးရွက်သည်လည်း ချက်ချင်းပိတ်သွားတော့သည်။

ဦးလက်ျာမင်းယုက တံခါးပိတ်သွားသည်နှင့် လည်ပင်းမှ Necktie အား ခပ်လျော့လျော့ဖြစ်အောင် အနည်းငယ်ဆွဲလိုက်ပြီး ကုတ်အင်္ကျီအနက်အား ကြယ်သီးဖြုတ်ကာချွတ်လိုက်တော့သည်မို့ သူ့ခန္ဓာကိုယ်ထက် အဖြူရောင်ရှပ်အင်္ကျီလက်ရှည်နှင့် အနက်ရောင်  Pants တို့သာကျန်တော့၏။

I bet you love me. [Completed]Where stories live. Discover now