[Unicode]
ရန်ကုန်တို့ အဝင်တွင် ရတုကားဘီးပေါက်ခဲ့သည်။ ကားထဲတွင် ကားဘီးအပို ဆောင်ခဲ့သောကြောင့် ရတုအနေနှင့် ကားဘီးကိုအလွယ်တကူ လဲလှယ်ခဲ့သည်။ နွေကတော့ မျက်နှာပျက်နေပြီဖြစ်သည်။
"ရတုရယ် ငါတို့ အိပ်ဖို့နေရာရှာရအောင်နော်"
"နွေရယ် အစွဲတွေ မထားနဲ့။ ကားဘီးက ပေါက်ချိန်တန်လို့ ပေါက်တဲ့ကိစ္စကို"
"ကားဘီးပေါက်တာက ရပ်ဖို့ကိစ္စပဲလေ"
"မိနွေ နင်ကလဲ ခေတ်ပညာတတ်တစ်ယောက် လုပ်နေပြီးတော့ အဲဒါမျိုးတွေ ယုံနေတာ ငါအံ့သြတယ်"
"ငါက ယုံတာ မယုံတာထက် အခုသူပြောတဲ့အတိုင်း ဖြစ်နေပြီလေ"
"တိုက်ဆိုင်သွားတာ။ အကြားအမြင်ဆရာမပါဆို သူထင်တာ မြင်တာ ပြောမှာပေါ့ နွေရဲ့။ သူပြောတာနဲ့ တိုက်ဆိုင်တာနဲ့ပဲ သူမှန်တယ်ဖြစ်ရောလား"
"ရတု သူပြောတဲ့ ကြမ္မာဆိုးက ငါ့တစ်ယောက်တည်း အတွက်ဆို ငါဘာမှ မဖြစ်ဘူး။ အခုက နင့်ကိုပါ ထိခိုက်မှာ စိုးရိမ်လို့ပြောနေတာ"
ရတု ပြုံးလိုက်သည်။
"နင် ဘာပြုံးတာလဲ"
"သဘောကျလို့ပါဟာ။ ငါ့အတွက် စိုးရိမ်ပေးတတ်တဲ့သူ တစ်ယောက်ရှိနေတဲ့ အဖြစ်ကို ငါတွေးမိပြီး သဘောကျလို့ပါ"
"နင့်အတွက်ကို လူတိုင်းစိုးရိမ်တယ်။ နင်ပဲ မစိုးရိမ်တာ။ အခုတော့ရတုရယ် ဆရာမပြောသလိုပဲ လုပ်လိုက်ကြရအောင်နော်"
ရတုသည် နွေ့အား စိုက်ကြည့်လိုက်သည်။ ဖြူစင်လွန်းသော မျက်နှာလေးသည် စိုးရိမ်စိတ်ကြောင့် မျက်ခုံးလေးမျာကွေးနေသည်။ ရတုသည် နွေ၏ လက်ကို ဖွဖွလေးကိုင်လိုက်သည်။
"နွေ ငါပြောတာ သေချာနားထောင်။ ငါ့အမေက ဗေဒင်ဆရာမျိုးစုံကို မေးဖူးတယ်။ မေမေ ဗေဒင်ယတြာတွေ ဘယ်လောက်လိုက်လုပ်လဲ နင်လဲ သိတယ်မလား"
"ဒါပေမယ် အခုက..."
ရတုသည် နွေ၏ နှုတ်ခမ်းလေးကို လက်ညိုးဖြင့် ကာလိုက်သည်။
"ငါပြောတာ ဆုံးအောင် နားထောင်ဦးနွေ။ ငါ့အမေက ဗေဒင်မေးတိုင်းလဲငါ့အကြောင်းပါအောင် မေးတယ်။ ဟိုတလောက အရမ်းကို မှန်တယ်လို့ နာမည်ကြီးတဲ့ ဗေဒင်ဆရာကြီးက ငါ့ကိုဟောလိုက်တယ်။ ငါက အသက်ကြီးတဲ့အထိ ထိခိုက်ရှနာ ဖြစ်မှာမဟုတ်ဘူးတဲ့။ နေမကောင်းရင်တောင် နှာချေချောင်းဆိုးပဲတဲ့။ ဘယ်မှာလဲ ကြမ္မာဆိုး"
YOU ARE READING
ဆူးမလိုသော ပန်းများအကြောင်း/ ဆူးမလိုေသာ ပန္းမ်ားအေၾ💮💮💮(The Story Of Goddess )
RomanceMyanmar Normal Romance Story (Myanmar 18+ and 21+ can be read here) [Unicode X Zawgyi] [Unicode] စာရေးသူ သည် ဤဝတ္ထုတွင်အချစ်နှင့်ပတ်သက်၍ မိန်းကလေးများ၏ ခံယူချက် ရပ်တည်မှု နူးညံ့မှု တင်းမာမှု ပေါက်ကွဲမှုများကို အချိန်အတော်ကြာ လေ့လာရမိသလောက်ကို ဇာတ်လ...