မိုးခပ်ဖွဲဖွဲလည်းတိတ်သွားချိန် မနက်တစ်နာရီဝန်းကျင်လောက်မှာတော့ Chanyeol ကိုယ့်ကိုယ်ကိုယ်ကျိန်ဆဲခြင်းကိုအဆုံးသတ်လိုက်တယ်။
ဘယ်လိုများရူးကြောင်ကြောင်နိုင်မှုတွေကိုသူပြုခဲ့
တာလဲဆိုတာစဉ်းစားမိတိုင်း ခေါင်းခါမြဲခါဆဲ။ ကျောပေးထားမိတဲ့တစ်ယောက်အိပ်ကုတင်ပေါ်မှာ လူတစ်ယောက်က ဘေးဘက်ကိုကပ်ပြီးပြုတ်ကျမတတ်ရို့ရို့လေးအိပ်နေမှာကို သူသိပေမဲ့လှည့်မကြည့်မိပဲ အိပ်ရာခင်းပါးပါးခင်းထားတဲ့ကြမ်းပြင်မှာပဲ ပေတေလို့အိပ်နေမိတယ်။Woo Bin Hyung ကလည်းပြန်မလာဘူးဆိုတာကို ညဆယ့်တစ်နာရီလောက်မှာ အောင့်သက်သက်နဲ့လက်ခံလိုက်ရသေးတယ်။ အဲ့ဒီလူက ဘယ်မှာသွားအိပ်မှာလဲ ဒီမှာကနေရခက်လွန်းလို့ရူးတော့မယ့်ဟာကို။
" အင်း "
ခပ်တိုးတိုးညည်းသံကနားထဲတိုးလာတဲ့အခါ Chanyeol ကျောကတောင့်ခနဲ။ တိတ်ဆိတ်နေတဲ့ ဒီအခန်းထဲလူနှစ်ယောက်ပဲရှိတာ သူ့ဆီကမဟုတ်တဲ့အသံဆိုတာသေချာရင် တစ်ဖက်လူဆီကပင်။
မှောင်မည်းနေတဲ့အခန်းထဲမို့ အသံတစ်စက်မှမထွက်အောင် အသက်ရှူအောင့်လိုက်ရင်း ကုတင်ဘက်ကိုကျောပေးထားတာကနေ မျက်နှာချင်းဆိုင်အနေအထားကိုပြန်ပြောင်းလိုက်ရတယ်။
ခပ်စိပ်စိပ်နဲ့ပုံမှန်ဖြစ်လာတဲ့ ညည်းညူသံတွေကပိုပြီးကျယ်လောင်လာသယောင် Chanyeol မျက်စိရှေ့က ကုတင်ပေါ်မှာမသိမသာလူးလှိမ့်နေတဲ့ အရိပ်အယောင်တွေ။
အိပ်မက်ဆိုးမက်တာဖြစ်မယ်လို့တွေးမိပြီး အိပ်ဖို့ကြိုးစားလိုက်ပေမဲ့။
" စီ.. စီနီယာ "
" ဘာဖြစ်လို့လဲ "
အိပ်ရာကနေထလိုက်ပြီး အခန်းမီးခပ်မှိန်မှိန်ကိုဖွင့်လိုက်တော့ နီရဲနေတဲ့မျက်နှာနဲ့အတူ ခြောက်သွေ့နေပြီးအရောင်တောင်မရှိတော့တဲ့နှုတ်ခမ်းတွေနဲ့ အဲ့ဒီလူ။
" ကျစ် ပူလိုက်တာ "
နဖူးပေါ်တင်လိုက်မိတဲ့ လက်ကိုပြန်ဖယ်လိုက်ပြီး ရှိတဲ့တစ်ထပ်တည်းသောစောင်ပါးလေးကိုပိုလုံအောင်ခြုံပေးလိုက်ရင်း Chanyeol ဗျာများသွားတယ်။ ဘယ်သူ့ကိုအကူအညီလှမ်းတောင်းရပါ့မလဲ။
