Unicode Version
" ဂျယ်မင်း.. ဂျယ်မင်းရေ အခုထိအိပ်နေတုန်းလား ဒီကောင်လေးကတော့။ "
လွမ်းဆွတ်ဖွယ် မေမေ့ရဲ့အသံ ငြိမ့်ငြိမ့်ညောင်းညောင်းက သစ်သားအိမ်လေးအတွင်း၌ ပဲ့တင်ထပ်နေသည်။ သင်းပျံ့လာတယ့် နှင်းဆီပန်းရနံ့အရ မေမေဟာ သူသဘောအကျရဆုံး နှင်းဆီပန်းတွေကို အိမ်ထဲသယ်လာပြန်ပြီဆိုတာ သိလိုက်တယ်။
" ထပြီ ထပြီလို့! မေမေကလည်း... " ပါးစပ်ကသာ အော်ပြောလိုက်ပေမယ့် မျက်လုံးများကတော့ အိပ်ချင်မူးတူးနှင့် တစ်ဝက်လောက်သာပွင့်နေသည်။ ပတ်ဝန်းကျင်ရဲ့လေထုက အေးစိမ့်နေပေမယ့် နွေးထွေးနေတယ့်စောင်ပုံထဲက ထွက်ပြီး ဘေးပတ်လည်ကို သေချာလှည့်ကြည့်လိုက်သည်။ ရင်းနှီးကျွမ်းဝင်နေတယ့် နေရာဆိုပေမယ့် တစ်ချိန်တည်းမှာပဲ သူဟာဒီနေရာနဲ့ စိမ်းသက်နေတယ်လို့ခံစားလိုက်တယ်။ အိပ်မက်မက်နေသလိုပဲ ပုံရိပ်တွေက ဝေဝေဝါးဝါး။
" မေမေ! " သူလေသံကိုထပ်မြှင့်ပြီးခေါ်လိုက်တယ်။ သို့သော် ပြန်ဖြေသည့်အသံကိုကား မကြားရချေ။
သူအိပ်နေခဲ့တယ့် အိပ်ခန်းထဲကထွက်ပြီး အိမ်အရှေ့ကို ခြေလှမ်းမြန်မြန်နဲ့လျှောက်သွားလိုက်တော့ အိမ်ရဲ့အပြင်ဘက်မှာ နှင်းဆီပန်းတွေကို တယုတယပျိုးနေတယ့် မေမေ့ကိုတွေ့လိုက်ရတယ်။
နှင်းဆီပန်းတွေကို ရေလောင်းနေတယ့် မေမေက ဂျယ်မင်းကိုတွေ့တော့ ပြုံးလိုက်တယ့်အပြုံးက နှစ်နှစ်ခြိုက်ခြိုက်ပဲ။
" ဂျယ်မင်းနီး.. လာပါဦး မေမေ့ဆီကို။ "
လက်ဆန့်တန်းပေးတယ့် မေမေက သူ့ရဲ့ရင်ခွင်ထဲကို တိုးဝင်စေချင်နေတယ့်ပုံ။
ဂျယ်မင်းကလည်း သူ့ရဲ့အမေဆီကိုပြေးသွားလိုက်ပေမယ့် ရုတ်တရက် စိတ်သွားတိုင်းကိုယ်မပါတော့သလို ခံစားလိုက်ရသည်။ စေးကပ်သော ကတ္တရာစေးအပေါ်မှာ လမ်းလျှောက်နေရသလိုမျိုး ခြေလှမ်းတွေက နှေးကွေးလာခဲ့သည်။ သူ့ရဲ့အရှေ့မှာ လက်ဆန့်တန်းပေးထားတယ့် မေမေ့ကိုမြင်ပေမယ့် အနားကိုချဉ်းကပ်၍မရချေ။
" မေမေ! "
နောက်တစ်ကြိမ် ထပ်ခေါ်လိုက်တယ့်အခါမှာတော့ မေမေဟာ ခုဏကလို ပြုံးမနေတော့ပါ။ မျက်နှာပေါ်ကအပြုံးတွေပျောက်ကွယ်သွားပြီး ဆန့်တန်းထားတယ့်လက်နှစ်ဖက်ကိုလည်း အောက်ကိုပြန်ချသွားတယ်။ တဖြည်းဖြည်းနဲ့ ခြေလှမ်းတွေက အားမရှိတော့သလိုလေးလံလာတယ်။ လေးလံနေတယ့်ခြေလှမ်းတွေကို ရုတ်တရက်ရပ်လိုက်ပြီး နောက်ကိုလှမ်းကြည့်လိုက်တော့ ဂျယ်မင်းလျှောက်လာခဲ့တယ့် လမ်းတလျှောက်မှာ အနီရင့်ရောင် သွေးစက်တွေက တစ်စက်ချင်းစီ။ ဂျယ်မင်းထိတ်လန့်စွာနဲ့ အရှေ့ကိုပြန်ကြည့်လိုက်တော့ သူ့ကိုပြုံးပြီးစီးကြိုနေခဲ့တယ့် မေမေက မီးတောက်တွေထဲမှာ။ အချိန်ခဏလေးကတင် ပန်းပွင့်တွေကြားမှာ ပြုံးနေခဲ့တယ့်မေမေက အခုတော့မီးတောက်တွေကြားမှာ သူ့ကိုမျက်ရည်တွေနဲ့စိုက်ကြည့်နေတယ်။ ပါးစပ်ကလည်း တစ်ခုခုကိုရေရွတ်ရင်း...