Unicode Version
ဘယ်အရာက ခက်ခဲစေခဲ့တာလဲ။
ဘယ်အချိန်ကနေစပြီး မှားယွင်းသွားခဲ့တာလဲ။အမြင်အာရုံထဲ အလုအယက်ဝင်တိုးလာခဲ့တဲ့ ဝေဝေဝါးဝါးမြင်ကွင်းတွေက သူနဲ့စိမ်းသက်မနေဘူး။ လေပွေတွေရဲ့ ပရိယာရယ်ကြောင့် မျက်လုံးကိုဖျတ်ခနဲမှိတ်ချမိလိုက်ပြီး ပြန်ဖွင့်လိုက်တဲ့အချိန်မှာ လွန်ခဲ့တဲ့ စက္ကန့်အနည်းငယ်လောက်ကအထိ ဝေဝါးခဲ့တဲ့မြင်ကွင်းတွေက ကြည်လင်လာတယ်။ အဲ့ဒီနောက်မှာ သူ့ရဲ့ကိုယ်ပိုင်ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားတော့တာပဲ။
ဂျယ်မင်း...
ကြိမ်ဖန်များစွာ သတိလက်လွတ်ခြင်းတွေဖြစ်စေခဲ့တဲ့အထိ ရူးရူးမိုက်မိုက်စိတ်အစုံက သူ့အရှေ့မှာ တည်ရှိနေတဲ့ မှုန်ပြပြပုံရိပ်တစ်ခုရဲ့ သလင်းကျောက်အရောင်မျက်ဝန်းတွေဆီကို ဦးတည်တယ်။ အရေပြားကိုဖောက်ထွင်းတော့မတတ် တင်းတင်းကြပ်ကြပ် ချည်နှောင်ခံထားရတဲ့ ကြိုးတွေကိုသူမြင်မိပါရဲ့။ မျက်စံတွေနဲ့ လက်ချောင်းတွေကလွဲလို့ ကျန်တာမလှုပ်ရှားနိုင်သေးတဲ့ သူ့ရဲ့ဝိဉာဉ်က ဘယ်သူ့ရဲ့ထိန်းချုပ်မှုအောက်ကို ရောက်နေခဲ့တာလဲ။
" နောက်ဆုံးတော့ သတိရလာပြီပဲ "
ဟိန်းထွက်လာတဲ့ မြို့တော်ဝန်ရဲ့အသံကိုသူကြားရတယ်။ ထဖို့လုပ်လိုက်ပေမယ့် တစ်ကိုယ်လုံးက လှုပ်လို့မရခဲ့ဘူး။
" ထဖို့ကြိုးစားနေလည်း အလကားပဲ။ မင်းကိုယ်ထဲ ဝင်သွားတဲ့ ဗာဗိန်းပမာဏက နည်းနည်းလေးမှမဟုတ်တာ "
ခနဲ့တဲ့တဲ့လေသံနဲ့အတူ ဆွဲထူခံလိုက်ရတဲ့ သူ့ရဲ့ခန္ဓာကိုယ်က မြေကြီးပေါ်မှာ ဒူးထောက်လျက် အဖိနှိပ်ခံထားရတယ်။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်မြင်လာရတဲ့ မြင်ကွင်းကြောင့် သူတို့ရောက်နေတဲ့နေရာက ဂေါ့ဂျာဝယ်ဆိုတာ ပိုပြီးသေချာသွားတယ်။ သူ့မျက်စိရှေ့က ဂျယ်မင်းက သစ်ပင်တစ်ပင်မှာ အချည်နှောင်ခံထားရတယ်။ ဂျယ်မင်းအမေရဲ့ အရိုးပြာနဲ့စိုက်ခဲ့တယ်ဆိုတဲ့ သစ်ပင်ကြီးမှာ။
အတိအကျပြောရရင် စည်းဝိုင်းအတွင်းထဲမှာ။
သူတို့နှစ်ယောက်ပဲမြင်နိုင်တဲ့ ဂေါ့ဂျာဝယ်က စည်းဝိုင်းထဲမှာ ဂျီယာကလူတွေရောက်နေကြတယ်။ သနားညှာတာခြင်းတစ်စက်ကလေးမှ မရောယှက်တဲ့မျက်လုံးတွေထဲမှာ ကျေနပ်အားရမှုတွေအပြည့်ပဲ။
![](https://img.wattpad.com/cover/269979068-288-k73638.jpg)