Unicode Version
" သွေးလိုချင်တယ်မလား?ရအောင်ထွက်ခဲ့ သံကြိုးတွေကြားကနေ!"
အချင်းချင်းထိရိုက်နေတဲ့ သံကြိုးအသံတွေက မြေအောက်ခန်းထဲမှာတော့ ခြောက်ခြားစရာပဲ။
" အစ်ကို!အဲ့တာဘာလုပ်နေတာလဲ!"
အော်သံတွေကြားလို့ မြေအောက်ခန်းထဲပြေးသွားလိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းက တုန်လှုပ်စေသည်။ ပတ်ဖျန်းခံထားရတဲ့ ဗာဗိန်းအရည်တွေကြောင့် အရေပြားတွေလောင်ကျွမ်းပြီး ခပ်မျော့မျော့ပဲကျန်တော့တဲ့ ကောင်လေးက လောကကြီးနဲ့တောင်အဆက်သွယ်ပြတ်ခါနီးနေပြီ။
" လေ့ကျင့်ပေးနေတာလေ မင်းဝင်မရှုပ်စမ်းပါနဲ့ "
" ဂျယ်နို သတိထားဦးလေ..."
အစ်ကိုတစ်ဖြစ်လဲ မြို့တော်ဝန်ရဲ့စကားကို မသိချင်ယောင်ပြီး ကြမ်းပြင်ပေါ်မှာသတိရတစ်ချက် မရတစ်ချက်ဖြစ်နေတဲ့ ဂျယ်နိုကိုဆွဲပွေ့လိုက်တော့ ကလေးသာသာကောင်လေးက အလိုက်သင့်လေးပါလာတယ်။
" သူက ဆယ်နှစ်ကျော်ရုံလောက်လေးပဲရှိသေးတာ အဲ့လောက်အထိလုပ်ဖို့လိုလို့လား?"
သူ့စကားကိုကြားတော့ မြို့တော်ဝန်ကခနဲ့သလိုရယ်ပြီး ကိုင်ထားတဲ့သွေးထုပ်ကို စားပွဲပေါ်ပစ်တင်လိုက်တယ်။
" လိုတာပေါ့ အဲ့တာမှ မင်းရဲ့သားက မင်းလိုပျော့ညံ့တဲ့ကောင် မဖြစ်လာမှာလေ "
ဂျယ်နိုကိုဆုပ်ကိုင်ထားတဲ့ သူ့ရဲ့လက်တွေတင်းကျပ်သွားတယ်။ မခံချင်စိတ်နဲ့ပြန်ပြောဖို့ပြင်ပေမယ့် သူဘာတတ်နိုင်မှာလဲ?မြို့တော်ဝန်ပြောတာလဲ မှန်နေခဲ့တာပဲ။
" တိရစ္ဆာန်သွေးကြောင့်များလား?ပိုသန်မာလာအောင် လူသွေးတိုက်ရမယ်ထင်တယ် "
" အဲ့လိုလုပ်လို့မဖြစ်ဘူးလေ!"
သူကိုယ်တိုင်တောင် တိရစ္ဆာန်တွေရဲ့သွေးသောက်ပြီးအသက်ရှင်ခဲ့တာဖြစ်သလို ဂျယ်နိုကိုလဲ သူ့လိုပဲ တိရစ္ဆာန်တွေရဲ့သွေးနဲ့ ကြီးပြင်းစေခဲ့တာ။ လူတွေရဲ့သွေးက ဘယ်လောက်စွဲလမ်းစေလဲဆိုတာ သူအသိဆုံး။ တကယ်လို့သာ သောက်ခဲ့မိပြီဆိုရင် အသက်ငယ်သေးတဲ့ ဂျယ်နိုက သူ့ကိုယ်သူထိန်းနိုင်တော့မှာမဟုတ်ဘူး။ ထပ်ကာ ထပ်ကာ လူတွေရဲ့သွေးတွေကိုပဲ တောင်းတနေတော့မှာ။ ဂျယ်နိုကို ပျက်စီးသထက်ပျက်စီးအောင် သူ့အစ်ကိုက ရည်ရွယ်ချက်ရှိရှိဖျက်ဆီးဖို့ကြိုးစားနေတာပဲ။