Part - 22

75 8 6
                                    

သဘာဝနှင့်တွေ့ဆုံခြင်း - ၂

" ရိပေါ်..ငါမင်းကို ခွင့်တောင်းစရာရှိတယ်.."

ရှောင်းကျန့်က အသီးစားနေတဲ့ ရိပေါ်ကို မရဲတရဲဖြင့် ပြောလိုက်သည်။

" ဘာကို ခွင့်တောင်းမလို့လဲ...။ရပါတယ် ကျွန်တော်က ဘာမှ မဖြစ်ပါဘူး..အကို လုပ်စရာရှိတာ လုပ်လို့ရတယ်.."

ရိပေါ်က မျက်လုံးကြည်တောက်တောက်ကလေးများဖြင့် ရှောင်းကျန့်ကို ကြည့်ကာ ဆိုလိုက်၏။

" မဟုတ်ဘူး..ဒီကိစ္စက မင်းကို ခွင့်တောင်းသင့်တယ် ထင်လို့.."

" ဘာကိစ္စမို့လို့လဲ...."

" ငါတို့ နမ့်ဆန်ကို မတက်ခင် ငါ ဝမ်လေးနဲ့ ခဏလောက် ဖုန်းပြောလို့ရမလား.."

ရှောင်းကျန့်၏ အသံက နောက်ဆုံးတွင် အနည်းငယ် တိုးဝင်သွားလေ၏။ ရိပေါ် စိတ်အဆင်မပြေဖြစ်သွားမည်ကိုလည်း ရှောင်းကျန့် အနည်းငယ်စိုးရိမ်မိလေသည်။ရိပေါ်က ဝမ်လေးအကြောင်းပြောရင် မကြိုက်တာကို ရှောင်းကျန့်သိထားပြီးဖြစ်သော်လည်း ဒီကိစ္စကို ရိပေါ်ကို အသိပေးဖို့ကိုသာ ဆုံးဖြတ်လိုက်သည်။ သူ(ရှောင်းကျန့်) ဒီနေ့အတွက် ဝမ်လေးတောင်းသည့် မွေးနေ့လက်ဆောင်ကို မပေးရသေးချေ။သူက အချိန်ရမှ ပေးမည်ဟု တွေးထားသော်လည်း သူစဉ်းစားကြည့်လိုက်တော့ ဒီနေ့အဖို့ သူ့အတွက် အချိန်ဆိုတာ မရှိသလောက်ပင်။ မနက်ခင်းနှင့် ညနေမရောက်ခင်ထိ ရိပေါ်နှင့် လျှောက်လည်ရမှာဖြစ်ပြီး ပြန်လာရင်လည်း ရိပေါ်၏ မွေးနေ့ပါတီအတွက် ပြင်ရဆင်ရမှာများက ရှိသေးသည်။တစ်နေ့လုံး သူ့အတွက် အချိန်ရဖို့ မသေချာသဖြင့် အခုရတဲ့ အချိန်ကို ဝမ်လေးနှင့် ဖုန်းပြောလျှင် အဆင်ပြေနိုင်သည်။ သို့သော် ပြသနာက ဝမ်ရိပေါ်ဆိုသည့် လူသားဖြစ်သောကြောင့် သူဟာ ပြသနာမဖြစ်ခင် ကြိုတင်ရှင်းလင်းထားရမည်ဖြစ်၏။

မူလကကြည်လင်နေသော ရိပေါ်၏ စိတ်တို့က အနည်ထလာလေတော့သည်။သူ့စိတ်ထဲတွင် ဝမ်လေးဆိုသည့် အသံကို ကြားတာနဲ့တင် မတင်မကျဖြစ်လာလေသည်။အစတုန်းကတော့ ရှောင်းကျန့် ဝမ်လေးအကြောင်းပြောရင် တကယ်ကို သ‌ေဘာမကျခဲ့တာဖြစ်သည်။ သို့သော် အခုချိန်တွင်တော့ ဝမ်လေးဆိုသည့် နာမည်ကို ကြားရရုံနှင့် ရိပေါ် သဘောမကျဖြစ်လာလေ၏။သူ၏ မွေးနေ့ဖြစ်တာကြောင့်လည်းပါမည်။ ဘယ်လိုလူက သူ့ရဲ့မွေ့နေ့မှာ အတူတူအချိန်ကုန်ဆုံးပေးမယ့်သူကို တစ်ခြားတစ်ယောက်အတွက် အချိန်ကုန်ဖဲ့ပေးစေချင်မှာလဲ။ ရိပေါ်လည်း အတူတူပင်ဖြစ်၏။ ဝမ်လေးမှမဟုတ် တခြားသူဆိုလည်း သူသဘောမကျပါချေ။သူတကယ်ကို...။

သဘာဝနှင့်တွေ့ဆုံခြင်းWhere stories live. Discover now