*ကိုကြီးရင်ခွင်၊ ဆိုးမဝချင်*
Part-2
"သစ်ဆွေး!""ဗျ ဗျ လာပြီ အစ်ကိုဝေဟင်"
ခြံထဲရောက်နေရာကနေ ခပ်အုပ်အုပ်ထွက်လာသည့် အသံက ဘယ်ကတည်းက ခေါ်နေသည်မသိ။ စိတ်မရှည်တော့သည့် အသံအနေအထားက ခေါ်နေတာ ကြာလောက်ပြီ။
"ဘာလုပ်နေသလဲ "
ချွေးသံရွှဲရွှဲဖြင့် အပြေးရောက်လာသည့် သစ်ဆွေးဆီ နှာခေါင်းတစ်ချက်ရှုံ့ကာ ကြည့်ရင်း မေးလာသည်။
"အပင်စိုက်တာ ကူပေးနေလို့ပါဗျ"
"ကျစ်! ဦးရီးမောင်က အကုန်ခိုင်းနေရသလား သွား! ရေ သွားချိုး ပြီးရင် ငါ ပန်းချီဆွဲဖို့ လိုက်ကူပေး "
"ဗျာ ဟုတ်ကဲ့"
ရေလဲပုဆိုးတစ်ခုကို အမြန်ဝင်ယူရကာ နောက်ဖေးက အုတ်ကန်ကြီးဆီ မြန်ဆန်စွာပြေးရတော့သည်။
အစ်ကိုဝေဟင် စောင့်နေရမှာမျိုး မဖြစ်စေချင်။
အစ်ကို ဝေဟင်။
သခင်လေးဟု ခေါ်တွင်မိသည်ကို သက်တောင့်သက်သာ ခေါ်ပါဟူ၍ မျက်ခုံးတန်းတို့ ကျုံ့ကာ ပြောလာသည်။
သူ့ထက်ကြီးသည့် သူကို
နာမည်တပ်၍တော့ သူ မခေါ်ရဲပါ။ မလေးစားသည့်သဘောသက်ရောက်သည် မဟုတ်ပါလား။
အကိုဝေဟင်ဟု ခေါ်တော့ ခေါင်းသာ ညိတ်ပြသည်။
မာနကြီးမည်။ သီးသန့်ဆန်မည်။ ဇီဇာအနည်းငယ်ကြောင်မည်ဟု တွေ့စက သူ သုံးသပ်ခဲ့သည့် အရိပ်အယောင်တို့သည် အစ်ကိုနှင့် မသက်ဆိုင်ခဲ့ပါ။ အစ်ကိုဝေဟင်က နေတတ်သလို နေခဲ့တာပဲရှိသည်။ တစ်ခုခုကို မျှော်လင့်နေတတ်သလို၊ တစ်ခုခုကို လွမ်းမောနေတတ်သည့် အထီးကျန်နေတတ်သည့် ကောင်ငယ်လေးဟာ အစ်ကို ဝေဟင်ရဲ့ ပုံသဏ္ဍာန်အမှန်ပဲ။အကိုက ခြံအနောက်ဘက်၊ တောတန်းအစပ်သို့ သွားရောက်ကာ ပန်းချီဆွဲချင်သည် ဆိုလာတော့လည်း ပန်းချီပစ္စည်း တစ်ပွေ့ တစ်ပိုက်နှင့် အလုပ်ရှုပ်ရသူက သစ်ဆွေးပဲ ဖြစ်သည်။ အနုပညာသည်လေးကတော့ ရှေ့ကနေ တလှုပ်လှုပ် ရွေ့လျား ရောက်ရှိသွားပြီဖြစ်သည်။
ကင်းဘတ်စကို သေချာနေရာချပေးရသည်ကို သစ်ဆွေး အသားကျနေပြီ။
တောတန်းအစပ်တွင် တောပန်းရိုင်းကလေးတွေ ရှိနေသည်။ စိမ်းစိမ်းစိုစိုနှင့် ကျေးငှက်တို့ တွန်ကျူးသံလေးတွေသာ ကြားရတတ်သည်။
တစ်ချက်တစ်ချက် လေညှင်းနှင့် ပါလာတတ်သည့် တောတွင်းက ရေကျသံလေးများပင် ကြားရတတ်ေသးသည်။
ဆိတ်ငြိမ်သည့်အရပ်မို့ အေးအေးမြမြနှင့် အနုပညာကွန့်မြူးဖို့ ဈာန်ကောင်းသည်ထင်ပါရဲ့ အစ်ကိုသည် စုပ်တံလေး တပြင်ပြင်နှင့် အာရုံစူးစိုက်နေသည်။

YOU ARE READING
ကိုကြီးရင်ခွင်၊ ဆိုးမဝချင်
Short Storyမဟာကဝိ ဝေဟင်ကိုး သစ်ဆွေး (punishment type)ပါ ။ ကြိုက်မှ ဝင်ဖတ်ပါ။