အခန်း (၈)

347 27 1
                                    

"ဟကောင် ! "

"ဟင်"

ငူတူတူနဲ့ ကားထဲမှာ မျက်စိဖွင့် ငိုက်နေတဲ့ ကျော်ကျော်က လွန်းရကို မျက်နှာငယ်နဲ့ မော့ကြည့်လာသည်။

"ဆင်းတော့လေကွာ။ ရောက်နေပြီကို"

"ဟာ ... ငါ မဆင်းချင်ပါဘူး"

"မင်း ! ပါတီကို လိုက်လာပြီးမှတော့ မဆင်းပဲ မင်းက ဘာလုပ်ချင်လို့လဲ"

"မင်းဟာမင်း အတင်းခေါ်လာတာလေကွာ"

ကျော်ကျော်က ကားပေါ်မှာ လျှောပြီး ပျင်းရိစွာ မှီလိုက်ရင်း လွန်းရကို မထီသလို ကြည့်ပေးလိုက်သည်။

"ကျော်ဇေရတု"

"ဘာလဲလို့"

"မင်း ... ကိစ္စတွေကို ..."

"သူတောင်းစား ! "

အားပါးတရ ဆဲဆိုရေရွတ်ပြီး ကားပေါ်ကနေ သူ့ဟာသူ ဆင်းချပြီး တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်ပစ်သွားတဲ့ ကျော်ကျော့်ကို ကြည့်ပြီး လွန်းရ ရယ်လိုက်မိသည်။ သူ့ကိစ္စတွေ လူသိမှာကျ ကြောက်တယ်။ တကယ့်ကောင် !

ပါတီထဲကို ဝင်လာတဲ့ လူနှစ်ယောက်ကြောင့် အကုန်လုံး အံ့ဩသွားကြသည်။ အမှန်ဆို စိတ်ပျက်ဖို့ ကောင်းလွန်းနေတဲ့ အပြုအမူတွေနဲ့ ကကြိုးဟန်သာကိုပဲ လွန်းရနောင်က အောက်ကျို့ခံပြီး ဒီပွဲကို အတူရောက်လာမယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ Third year က ခပ်ဆန်းဆန်း၊ တောနာမည်လို ရယ်စရာ နာမည်နဲ့၊ သူနဲ့ အမြဲမတည့်တဲ့ အဖွဲ့က ယောင်္ကျားတစ်ဦးက အဖော်အဖြစ် ပါလာနေသည်။

ကျောင်းရဲ့ နာမည်ကြီး အဖွဲ့တစ်ခုထဲကမလို့ ကျော်‌ကျော့်ကို မသိသူ မရှိသလို၊ ချစ်သူခင်သူလည်း ပေါများသည်။ နည်းနည်းလေး အစားငမ်းပြီး လျှပ်ပြာပြာ နိုင်တာကလွဲရင် ကူညီတတ်တာကြောင့် ဆရာမတွေကလည်း ချစ်ကြသည်။

"ကကြိုးဟန်သာနဲ့ မဟုတ်ပါလားဟေ့"

"ငါက ဘာကိစ္စ သူနဲ့ လာရမှာလဲ။ မင်းတို့က လွန်းရနောင်ကို ဂျိုကို တန်ဆာဆင်ထားမဲ့ကောင်လို့ ထင်နေတာလား"

လွန်းရနဲ့ အတန်းတူ သူငယ်ချင်းတွေက ခပ်နောက်နောက် စကြတော့ လွန်းရက မျက်စောင်းတစ်ချက်ကို စွန့်ကြဲလိုက်ပြီး ခပ်ချေချေ ဆိုသည်။

Spring's Melody (TomxTom - Completed)Where stories live. Discover now