Part - 13

194 18 7
                                    

Unicode

ညနေစောင်းနေပြီမို့ပြတင်းတံခါးကိုပိတ်ရသည်။ အိပ်ယာထက်မလှုပ်မရက်လှဲအိပ်နေသူကိုကြည့်ရင်း လမင်းသက်ပျင်းချရ၏။ မနက်စာစားပြီးကတည်းကအိပ်ပျော်တာလဲမဟုတ်ဘဲ ဒီလိုကြီးလှဲနေတာကအဖျားတက်တော့မယ်။

အနားကိုသွား၊ ခြုံထားသည့်စောင်ကိုဆွဲဖယ်ရင်း လက်မောင်းကနေထူရသည်။

"ညနေဆေးသောက်ရမှာ တခုခုထစား"

"မစားတော့ဘူး ငါပြန်မှဖြစ်မယ်"

ချက်ချင်းထကာ လမင်း၏ဗီဒိုကိုဖွင့်ရင်း အကျႌတစ်ထည်ရွေးယူသည်။ ဝတ်ထားသည့်အကျႌအားချွတ်ကာ လမင်းကိုလှမ်းပစ်ပေးတော့ ဖမ်းကိုင်လိုက်ရသည်။ ညှပ်ရိုးနားတစ်ဝိုက်ရှိ နီတာရဲနေသောအမှတ်တို့အား လမင်းမမြင်စေချင်သည့်အပြုအမူမျိုးဖြင့် လက်နှင့်မသိမသာဖုံးကွယ်သည်။ အမှိုင်းတွေသာဝတ်တတ်သောသူရိန်က လမင်း၏အကျႌပန်းနုရောင်ဖြင့် တမျိုးအမြင်ဆန်းနေ၏။ စာရေးစားပွဲရှိမီးအိမ်ဘေးမှရေခွက်ကိုယူသောက်ကာ အခန်းထဲမှထွက်သွားသည်အထိ လမင်းငြိမ်နေမိဆဲ။ စိတ်နဲ့လူပြန်ကပ်သည့်အချိန်တွင် သူရိန်ကအိမ်အဝတွင်ဖိနပ်စီးနေပြီ။

"မင်းအဖျားကျသေးတာလည်းမဟုတ်ဘူး မသွားနဲ့"

စိုးရိမ်တကြီးအသံကျယ်ကျယ်ဖြင့် အော်ကာတားလိုက်ပေမယ့်ဖိနပ်ကြိုးချည်နေပြီဖြစ်သောသူရိန်ကတော့ သူ့အားအရေးတောင်မလုပ်ပါ။ တံခါးဘုသီးအားဆွဲလှည့်ရင်း လမင်းအားပြန်ကြည့်သည်။

"နွယ်ရိုးကို ရုပ်ရှင်လိုက်ပြပေးမယ်ပြောထားတယ်"

ပိတ်သွားသည့်တံခါးသံက တိတ်ဆိတ်နေသောအိမ်ခန်းထဲခပ်ကျယ်ကျယ်ပြန့်လွင့်သည်။ အမြဲတစေတစ်ယောက်တည်းကျန်ခဲ့ရသောဒီအိမ်ကြီးထဲ အခုလည်းလမင်းတစ်ယောက်သာကျန်ရစ်သူဖြစ်ခဲ့သည်။ ဖေကြီးထွက်သွားသလို မေမေလည်းဒီအိမ်ကြီးထဲ သူ့အားထားရစ်ခဲ့ပါသည်။ ဘယ်တော့ပြန်လာကြမည်မသိသောဒီအိမ်ကြီးထဲ လမင်းဟာတစ်ယောက်တည်းအထီးကျန်နေရသည်မှာ နေ့ရက်ပေါင်းများစွာရှိခဲ့ပြီ။ အထီးကျန်တယ်ဆိုတာဒါမျိုးပဲလို့ ခံစားတက်အောင်သင်ပေးနေကြသလားလေ။

CigaretteWhere stories live. Discover now