Zawgyi
နေရောင်ခြည်သည် အလင်းရောင်ရရုံမျှသာ ခပ်မှိုင်းမှိုင်းမိုးတိမ်များကြားမှ ဖြာထွက်နေသည်။ နေလည်းမပြင်းဘဲ ရှိန်ရှိန်ကလေးသာရှိနေ၍ ဘုရားရင်ပြင်ပေါ်တွင် ထိုင်၍ကောင်းသည်။ နိုင်ငံခြားသားအချို့လည်း ရှိနေသည်။
မြန်မာဝတ်စုံအပြာနုဝမ်းဆက်ကလေးဖြင့်ချစ်ရသူမှာ လက်အုပ်ချီလျှက် ဘာတွေအကြာကြီးဆုတောင်းနေမှန်းမသိ။ အေးချမ်းသည့်အလှတရားလေးအား ပန်းချီကားတစ်ချပ်ပမာ တစိမ့်စိမ့်ငေးကြည့်မိခြင်းသည် ပြစ်မှာခြင်းအမည်မတွင်လောက်ဟုထင်ပါသည်။ ဘုရားရှင်အား ဦးခိုက်ပြီးမှဘေးတိုက်ငေးနေသော သူရိန့်ဘက်ကိုလှည့်လာသည်။ နွယ်ရိုး၏ပါးပေါ်ရှိ သစ်ရွက်ပုံပါးကွက်ကြားကလေးမှသနပ်ခါးနံ့ကလေးသည် နီးကပ်နေသောသူရိန့်နှာခေါင်းထဲခပ်အေးအေးလေးစိမ့်ဝင်သည်။
"ဘာတွေဆုတောင်းလိုက်လဲ ကို"
"ဆုတောင်းတွေကပြောပြရင်မပြည့်ဘူးတဲ့ ချစ်ရဲ့"
နွယ်ရိုးကမျက်နှာကလေးမဲ့ကာ ထရပ်လိုက်သည်။ ဒီနေ့ သူရိန်နှင့်နွယ်ရိုး ချစ်သူဖြစ်ခြင်းတစ်ပတ်ပြည့်သည့်နေ့ဖြစ်သည်။ နွယ်ရိုးက ဘုရားသွားချင်သည်ဟုဆို၍ သူရိန်မနက်စောစောထကာ နွယ်ရိုးနှင့်အတူ ဆူးလေဘုရားသို့အတူလာခဲ့သည်။
နွယ်ရိုး၏လက်ဖဝါးနုနုကလေးသည် သူရိန့်လက်ထဲသေးဝင်ပျောက်ကွယ်နေ၏။ သူရိန့်ရင်ထဲ လိပ်ပြာကလေးများပျံဝဲနေသည်ထင်ရအောင် ကြည်နူးနေမိသည်။ ဘုရားအဝင်ဝတွင် ပန်းရောင်းနေသူများရှိသည်။ ခိုစာအတူကျွေးပြီးမှ တစ်ဖက်ကားလမ်းသို့ကူးကာ မြို့တော်ခန်းမကြီးဘေးမှအတူလမ်းလျှောက်လာခဲ့ကြသည်။
မနက်ခင်းသည် ချစ်ရသူနှင့်အတူဖြတ်သန်းခဲ့ရ၍လားမသိ လန်းဆန်းနေသည်။
×××
"ညီတစ်ယောက် ဥက္ကာတို့အဖွဲ့နဲ့အရမ်းရောနေတယ်"
စားပွဲပေါ်မှ ရေနွေးခွက်အား ရေအနည်းငယ်ထည့်ကာဆေးရင်း ဇေယျာကပြောသည်။ ဟိုဘက်ဝိုင်းမှဦးလေးကြီးတစ်ယောက် ရေနွေးခွက်သွန်လိုက်၍ အစက်ငယ်အချို့သူရိန့်ခြေဖဝါးပေါ်လာစင်သည်။ ညနေခင်းလက်ဖက်ရည်ဆိုင်မို့ တက္ကစီသမားများနှင့်ပင် လမ်းဘေးလက်ဖက်ရည်ဆိုင်ကလေးလူပြည့်နေသည်။
YOU ARE READING
Cigarette
Romanceမင်းသာ cigarette တစ်လိပ်ဆို မင်းအပေါ်မှာလောင်မြိုက်လာမဲ့ မီးစလေးဟာ ကိုယ်ပဲဖြစ်ချင်တယ်။ မင်းသာ cigarette တစ်လိပ်ဆို မင်းအပေါ်မှာလောင်မြိုက်လာမဲ့ မီးစလေးဟာ ကိုယ်ပဲဖြစ်ချင်တယ်။ Cover photo:source from pinterest