Part 14

216 19 14
                                    

Unicode

မနက်ခင်းဝေလီဝေလင်းကတည်းက မပြေးရုံတမယ်လမ်းလျှောက်လာရ၍လား၊ ဒါမှမဟုတ် အခြားအကြောင်းအရာကြောင့်လား မ​သေချာပေမယ့် အဆမတန်တုန်ဟီးနေသော နှလုံးခုန်နှုန်းတွေ ပုံမှန်မဟုတ်တာတော့ သူရိန်သေချာသိသည်။ တညလုံး တအီအီညီးနေတဲ့လမင်းအနားနေပေးခဲ့သည်ကြောင့် အိပ်ရေးမဝသောမျက်လုံးတို့ကလည်း ခပ်စင်းစင်း။ သူငယ်ချင်းတွေအားလုံးစိတ်ပူပြီး ဖုန်းတွေဆက်တိုက်ခေါ်ထားမည်ကိုလည်းသိသည်။ အားကုန်ပြီး စက်ပါပိတ်သွားသည့်ဖုန်းကိုလည်း သူရိန်အပြစ်မတင်ချင်တော့။ ဖြစ်ချင်တော့ လမင်းဖုန်းနှင့်သူရိန့်ဖုန်းမှာလည်း charging type မတူ၍ သူ့အားသွင်းကြိုးလည်းကိုယ်မျှသုံးမရခဲ့ပါ။ ညရေးညတာစိတ်မချရ၍ လမင်းနှင့်သာအတူနေပေးခဲ့ခြင်းကို နွယ်ရိုးဘက်က ဘာအဓိပ္ပါယ်ဖွင့်မလဲ သူရိန်တွေးကြည့်မိသည်။

လမင်းမနိုးခင် နွယ်နိုးဆီသို့သွားပြီး အကျိုးအကြောင်းရှင်းပြရန်သူရိန်ထွက်လာခဲ့မိသည်။ အလင်းရောင်ပင်သေချာမရသေး။ နွယ်ရိုးအိမ်ရှေ့ရောက်တော့ မထင်မှတ်ပဲနွယ်ရိုး၏မေမေနှင့်ပတ်ပင်းတိုးသည်။ နွယ်ရိုးနှင့်သူရိန် တွဲနေကြသည်ကို မိဘတွေလည်းအသိမပေးဖြစ်ရသေးသည်မို့ နွယ်ရိုးမေမေက သူငယ်ချင်းအိမ်လာလည်သည်ဟုဆိုကာ အတင်းအိမ်ထဲခေါ်ထည့်တော့ သူရိန်အခက်တွေ့ရသည်။

အချိန်သိပ်မရ၍ အိမ်ထဲမဝင်တော့ဘဲ နောက်မှလာလည်ပါတော့မည်ဟုငြင်းမှပင် နွယ်ရိုးမေမေကလက်လျော့တော့သည်။ သိပ်မကြာလိုက်။ ပိတောက်ခြောက်ရောင် မြန်မာဝတ်စုံ ဝမ်းဆက်ကလေးနှင့် နွယ်ရိုးထွက်လာသည်။ ပွရောင်းရောင်းဆံပင်တို့နှင့် ကပိုကယို ဖြစ်သလိုပြေးလာမိသောကိုယ့်ကိုယ်ကိုပြန်ကြည့်၍ နွယ်ရိုးကိုအားနာရပြန်သည်။ မနက်စောစောတွင်ပင် ကြည်လင်သန့်စင်နေသောနွယ်ရိုးအနား သူဘယ်လိုမျက်နှာနဲ့ဘာတွေထုတ်ပြောရမလဲ။ ဘာတွေကိုများလိမ်လည်လှည့်ဖျားပြီး ဆင်ခြေပေးနိုင်ပါ့မလဲ။

"ရောက်နေတာကြာပြီလား၊ ငါ့ကိုဖုန်းဆက်ရောပေါ့သူရိန်ရဲ့"

"ဖုန်းက battery down သွားလို့၊ ငါဆက်မလို့ပဲ မနေ့ညက"

CigaretteWhere stories live. Discover now