Unicode
"ကျနော်ဒီညအိမ်ပြန်မအိပ်တော့ဘူး၊ ကျနော့်ကို ခင်ဗျားဆိုင်မှာပဲခဏပေးနေပါ၊ မနက်ကျရင် ကိုကိုလာခေါ်ရင်ပြန်မယ်"
လမင်းလာခေါ်မည်ကို သေချာနေ၍ ဒီညတော့အိမ်ပြန်မအိပ်ခြင်းဖြင့်ဆန္ဒပြနေပုံမို့ သူရိန်မငြင်းတော့။ နွယ်ရိုးကိုအိမ်လိုက်ပို့ပြီးအပြန်တွင် သူရိန်ကိုယ်တိုင်အိမ်မပြန်ဖြစ်တော့ဘဲ ဆိုင်ကိုပြန်လာမိသည်။ ဘီယာပုလင်းအချို့ကို သတိလက်လွတ်ဝယ်လာခဲ့မိပြီးမှ ကောင်ငယ်လေး၏အသက်မပြည့်သေးခြင်းကိုရုတ်တရက်သတိရသွားကာ ဘီယာဘူးတွေကိုဖွက်နေမိတော့သည်။ သူရိန်ဆိုတာ အခုလိုနားလည်ပေးခြင်းတွေနှင့် ချောင်ပိတ်မိနေသူ။ သူခိုးလူမိသွားမှ မထူးဇာတ်ခင်းပြီး ဘီယာဘူးကိုပေါ်ပေါ်ထင်ထင်ပင်ကောက်မော့လိုက်မိတော့ ကောင်ငယ်လေးကပြုံးသည်။
"ခင်ဗျားတို့နှစ်ယောက်ကတူတူပဲနော်၊ အခြားလူကိုအမြဲနားလည်ပေးရတာနဲ့တင်"
"ကလေးတစ်ယောက်ရှေ့မှာ မသောက်သင့်ဘူးထင်လို့"
ဒီလိုပြောတော့ရယ်ပါသည်။ ကြည်လင်ခြင်းနှင့်တပါတည်း နွမ်းလျနေသောအပြုံးတွေသည် ဝမ်းနည်းခြင်းနှင့်ပျော်ရွှင်ခြင်းကို စ,တူရောစပ်ထားသလို။
"ကျနော် ကလေးအရွယ်ထဲက ကလေးတစ်ယောက်နဲ့မတူခဲ့ရတာကိုဗျာ"
ပြောရင်းနှင့်ပင် သူရိန်သောက်လက်စဘီယာဘူးအား လုယူကာမော့ချ၏။ စီးဝင်သွားသောခါးသက်သည့်အရည်တို့ထဲ ပူလောင်ခြင်းတွေပါသွားပါစေလို့ ဆုတောင်းနေမလား။
"ငယ်ငယ်က လူပျိုအရွယ်မရောက်ခင်အရွယ်လောက်က မာမီ့ယောကျ်ားဆီကနေ rape ခံခဲ့ရတယ်"
ကွဲအက်ခြောက်ကပ်နေသောအသံသည် ကြက်သီးမွှေးညှင်းများကိုပင်လှုပ်ရှားသွားစေသည်။ အသံပိုင်ရှင်၏မျက်ဝန်းတို့အားကြည့်မိတော့ ခံစားချက်တို့သည် ဗလာနတ္တိ။ လည်ပင်းတဝိုက်နှင့် ခန္ဓာကိုယ်ရှိအချို့အစိတ်အပိုင်းများတွင်နေရာယူထားသော အမာရွတ်အကြွင်းအကျန်တို့အား ပြသပေမယ့် မဖော်ပြအပ်သောနေရာတွေအထိ ကောင်လေးပြောပြနေသည့်အတိတ်တွင်ပါဝင်နေသောအခါ သူရိန် ကောင်လေး၏စိတ်ဒဏ်ရာအား ကိုယ်စားဝင်ခံစားပေး၍ပင်မတက်တော့ပါ။ အရွယ်နှင့်မလိုက်အောင်ရင့်ကျက်နေသူအတွက် လောကကြီးကချမှတ်ပေးခဲ့သည့် ဆိုးရွားသောအတိတ်တို့သည် ကောင်ငယ်လေးအတွက်များစွာအထောက်အကူပြုပုံရ၏။
YOU ARE READING
Cigarette
Romanceမင်းသာ cigarette တစ်လိပ်ဆို မင်းအပေါ်မှာလောင်မြိုက်လာမဲ့ မီးစလေးဟာ ကိုယ်ပဲဖြစ်ချင်တယ်။ မင်းသာ cigarette တစ်လိပ်ဆို မင်းအပေါ်မှာလောင်မြိုက်လာမဲ့ မီးစလေးဟာ ကိုယ်ပဲဖြစ်ချင်တယ်။ Cover photo:source from pinterest