Zawgyi
ညနေငါးနာရီကျော် မင်္ဂလာဈေးနားကားလမ်းတအားပိတ်နေသည်။ နေအလွန်ပြင်း၍ အဲကွန်းပင်မတိုးအောင်ချွေးတတောက်တောက်ကျနေသည်။ ကားအနည်းငယ်ချောင်သွားသည်နှင့် ဇေယျာကားကိုအရှိန်တင်မောင်းလာမိတော့သည်။ တစ်စုံတစ်ယောက်အားစိတ်ပူနေရသည့်ခံစားချက်သည် ရူးချင်စရာကောင်းလွန်း၏။
နေ့လည်ထမင်းစားချိန်ကြီး ဘီယာလိုက်သောက်ပါဟုအဖော်စပ်သည့် ညီ၊ အကျိုးအကြောင်းသင့်လျှော်အောင် စိတ်ကျေနပ်သည်အထိရှင်းပြကာဇေယျာမလိုက်နိုင်ကြောင်းပြောသည်။ နောက်တစ်နေ့မှလိုက်ပို့ပါမည်ဟုလည်း ကတိအထပ်ထပ်ပေးတာတောင်မှ တစ်ယောက်တည်းအမူးသွားသောက်တော့မယ်ဟုသာ ဇေယျာ့အားစိန်ခေါ်၏။ သူရိန်မရှိတော့သည့်နှစ်ရက်စလုံး ဇေယျာဆေးရုံစောင့်ပေးပြီးမှ ဒီကောင်လေးပိုဆိုးလာသည်။ လုပ်ချင်တာကိုလုပ်လိုက်ရမှကျေနပ်ပြီး ဂျစ်ကန်ကန်နှင့် ဇေယျာ့အပေါ်လည်းသိပ်အနိုင်ယူသည်။ ဇေယျာကိုယ်တိုင်ကသဘောကျနေတော့လည်း ဘယ်တက်နိုင်ပါ့မလဲလေ။
လက်ပတ်နာရီကိုသာတကြည့်ကြည့်ဖြင့် ပိတ်နေသည့်ကားလမ်းကြီးအား မည်သို့မည်ပုံ ကျော်လာနိုင်ခဲ့သည်မသိ။ အရက်သမားတို့၏ဘုံပိုင် ၁၉လမ်းအတွင်းသို့ ဝင်လိုက်သည်။
×××
ဆီးကရက်နံ့ အရက်နံ့ နှင့်အတူ ဒယိမ်းဒယိုင်လူများကြား ညီ့အားရှာရသည်မှာခက်၏။ ခွက်ချင်းတိုက်သည့်ဆူညံသံတွေ၊ ဖွင့်ထားသောခပ်မြူးမြူးသီချင်းအား သံယောင်လိုက်ဆိုသည့်အသံတွေသည် ဘားအတွင်းဆူညံလွန်းနေ၏။
အနီရောင်မီးမှိန်မှိန်ဖြာကျနေသည့် အတွင်းပိုင်းထောင့်ဝိုင်းတစ်နေရာမှ ဇေယျာ့အားလက်လှမ်းပြနေသည့်ညီ။ ဒီလောက်ဆိုညီမမူးသေးမှန်းဇေယျာသိလိုက်ပြီ။
Cocktail တစ်ခွက်ကိုသာ အရသာခံသောက်နေသည့်ညီသည် ဇေယျာ့အားခပ်စူးစူးစိုက်ကြည့်နေ၏။
"စိတ်ပူသွားတာပဲကွာ အစ်ကို့အမေကိုမင်္ဂလာဈေးလိုက်ပို့ရင်းကနေ ပြေးလာရတာ"
မီးမှိန်မှိန်အောက်မှညီသည် သွားတက်ကလေးများပေါ်အောင် သဘောတကျရယ်လိုက်၏။ မသောက်သေးသည့်ဇေယျာအား ယစ်မူးစေသည့်အပြုံးတွေပါ။ ညီသည်ပြုစားနိုင်လွန်းသော အဆိပ်ပြင်းပြင်းမြွေပေါက်ကလေးနှင့်တူသည်။ စားပွဲထိုးအား လှမ်းခေါ်နေသည့်ညီ့ကို ဇေယျာမျက်တောင်မခက်ကြည့်နေချင်သည်။ အသားရောင်ရှပ်အင်္ကျီအား အပေါ်ကြယ်သီးသုံးလုံးခန့်ဖြုတ်ဝတ်ထား၍ ညှပ်ရိုးနှစ်သွယ်မှာထင်းထင်းကြီးဖြစ်နေသည်။ ပြောင်းနေသောစလိုက်မီးရောင်အလိုက် ညီ့ခန္ဓာကိုယ်တစ်ခုလုံးပါ အရောင်လိုက်ပြောင်းနေသည်။
YOU ARE READING
Cigarette
Romanceမင်းသာ cigarette တစ်လိပ်ဆို မင်းအပေါ်မှာလောင်မြိုက်လာမဲ့ မီးစလေးဟာ ကိုယ်ပဲဖြစ်ချင်တယ်။ မင်းသာ cigarette တစ်လိပ်ဆို မင်းအပေါ်မှာလောင်မြိုက်လာမဲ့ မီးစလေးဟာ ကိုယ်ပဲဖြစ်ချင်တယ်။ Cover photo:source from pinterest