Zawgyi
ကျောင်းကန်တင်းထဲရှိ လပြည့်ဝန်းဆိုင်ထဲတွင် ဆူညံပွက်လောရိုက်နေသည်။ စားပွဲထိုးအား တချွတ်ချွတ်လှမ်းခေါ်နေသည့် အသံတွေလည်းညံလျက်။ သူများဝိုင်းတွေနှင့်မတူအောင် တိတ်ဆိတ်နေသည်က သူရိန်တို့ဝိုင်းဖြစ်သည်။ သူရိန်နှင့် ဇေယျာသည် ဘေးချင်းကပ်လျက်၊ သူရိန်၏မျက်နှာချင်းဆိုင်တွင် နွယ်ရိုး ရှိသည်။
နွယ်ရိုးသည် သူရိန်အလွန်မြတ်နိုးရပါသော သူရိန်၏တစ်ဖက်သက်ချစ်ရသူ၊ မေဂျာတစ်ခုလုံးရှိ ယောက်ျားလေးများ၏ အသည်းနှလုံးကိုပိုင်ဆိုင်ထားရသူမိန်းကလေးဆိုလည်းမမှား။ နွယ်ရိုးကို စာသစ်နှစ်အစပိုင်းကတည်းက ချစ်ရေးဆိုခဲ့သော်လည်း ယခုအချိန်ထိ သူငယ်ချင်းဆိုသည့်စည်းဘောင်အတွင်း၌သာ နေနေရသည်။ သိပ်တော့ဘဝင်မကျလှပေမယ့် ယခုခေတ်အခေါ်အဝေါ်ဆိုjust friend လိုမျိုး အနေနီးလွန်းနေသည်မှာ ကျေနပ်စရာပါပဲ။
နွယ်ရိုး၏သူငယ်ချင်း ဖူးပွင့်ကတော့ အလွန်စွာသည်။ သူရိန်နှင့်မတည့်သလို အစအနောက်သန်သော ဇေယျာနှင့်လည်းအဆင်ပြေမည်မထင်လိုက်နှင့် သူတို့နှစ်ယောက်စကားစပြောသည်နှင့် အကုန်ဝိုင်းဆွဲရပြီ။
နွယ်ရိုးနှင့်ဖူးပွင့်သည် ခေါင်းချင်းဆိုင်ကာ ပေါက်ပေါက်ဖောက်နေသည်။ ဇေယျာက ဘောလုံးကိုအတွင်းအပြင်ရူးသူမို့ အားတိုင်းဘောလုံးဂိမ်းဆော့သည်။ သူရိန်ကတော့ ဆေးလိပ်ဖွာရှိုက်သူ နွယ်ရိုးမဆူမချင်း တစ်လိပ်ပြီးတစ်လိပ်သောက်နေသည်။ နွယ်ရိုးကသာ ဆေးလိပ်မသောက်ရန်တားလျှင် သူဆက်သောက်လိမ့်မည်မဟုတ်။
"ဟဲ့ သူရိန် နင်ဘယ်လောက်တောင်သောက်နေတာလဲ။ ကြည့်စမ်းတစ်ဘူးကုန်တော့မယ်"
ရုတ်တရက် ဆေးလိပ်ဘူးကိုမ,ကိုင်ကာ နွယ်ရိုးကရှုံ့ရှုံ့မဲ့မဲ့ပြောလာသည်။ တွန့်ချိုးနေသောမျက်ခုံးတို့က မကျေနပ်ကြောင်းဖော်ပြနေ၍ မကုန်သေးသောလက်ကျန်ဆေးလိပ်ကိုပါ ပြာခွက်ထဲထိုးချေလိုက်သည်။ မီးသေသွားသောဆေးလိပ်ကိုကြည့်ရင်း သူရိန်မပြုံးဘဲမနေနိုင်။ သူရိန်ဆိုတာနွယ်ရိုးက သေဆိုသေ၊ရှင်ဆိုရှင်မည်။
YOU ARE READING
Cigarette
Romanceမင်းသာ cigarette တစ်လိပ်ဆို မင်းအပေါ်မှာလောင်မြိုက်လာမဲ့ မီးစလေးဟာ ကိုယ်ပဲဖြစ်ချင်တယ်။ မင်းသာ cigarette တစ်လိပ်ဆို မင်းအပေါ်မှာလောင်မြိုက်လာမဲ့ မီးစလေးဟာ ကိုယ်ပဲဖြစ်ချင်တယ်။ Cover photo:source from pinterest