Part - 15

175 20 10
                                    

Unicode

ဖောက်ပြန်တာကိုအားပေးအားမြောက်လုပ်ဖြစ်သွားတဲ့ ခံစားချက်ကို ခင်ဗျားတို့မသိလောက်ဘူး။ ကျနော်ဟာ ဖောက်ပြန်တဲ့လူတွေကိုမုန်းတဲ့လူတစ်ယောက်ပါ။ ဒါတောင်မှကျနော် အနှောင့်အသွားမလွတ်တဲ့လူတစ်ယောက်အပေါ် တိမ်းညွတ်ခဲ့မိပါတယ်။

×××

သူရိန်နေသားတကျဖြစ်လာသည့် လမင်း၏အပြုအမူများထဲတွင် ခေါင်းမာသည့်အကျင့်က သဘောကျချင်စရာသိပ်ကောင်းလွန်းသည်။ မိဘနှစ်ပါးလုံး ထားချင်သလိုထားခဲ့ပြီးမှ စိတ်ပူတာမျိုးတွေ လမင်းလက်မခံချင်ပုံရ၏။ ဖုန်းဆက်လျှင်လည်းမကိုင်။ လမင်းသည်အတော်လေးခေါင်းမာ၏။ နောက်ပြီး သူရိန့်ထပ်ပိုပြတ်သားပါသည်။

ရက်ရှည်ဖျားနာခြင်းနှင့် ဆရာဝန်မှအထပ်ထပ်မှာကြားသောစကားတို့ထဲ ဆေးထပ်မသုံးဖို့၊ ဆေးလိပ်ပင်အလွန်အကျွံမသောက်တော့ဖို့ တိုက်တွန်းချက်များအရ လမင်းဆေးဖြတ်နေပြီဆိုတာ သူရိန်သိသည်။ ထုတ်တော့မမေးချင်။ လူငယ်ချင်းအတူတူလမ်းမှားလျှောက်မိသည့်လမင်းကို ချောင်ပိတ်သောမေးခွန်းများနှင့် သူရိန်မနှိပ်စက်ချင်၍သာဖြစ်သည်။ အမှားကိုပြင်ချင်သော လမင်းကိုတော့ သူရိန်အထောက်အကူပြုပေးချင်သည်။ ဒီတောအတွင်း အတူနေထိုင်လာသည့်တလျှောက်လုံး တရင်းတနှီးဖြစ်လာရယ်တယ်လို့လည်း ထွေထွေထူးထူးမရှိခဲ့။ သူရိန်ကသာ လမင်း၏တနေ့တာအစားဝင်၏မဝင်၏၊ စားချင်စိတ်ဖြစ်ခြင်းမဖြစ်ခြင်းတို့ကို စိတ်လိုက်ပူနေတာပါ၊ လမင်းကတော့ သူရိန့်ကိုဆိုအိမ်ထဲရှိသည်လို့တောင် သတ်မှတ်ပုံမရ။ သူရိန်မဖတ်မိသော လမင်း၏စိတ်ဝိဥာဥ်ကတော့သူရိန့်အပေါ်သံယောဇဥ်ကြီးတွယ်မိနေပြီဖြစ်သည်။

လမင်း၏အိမ်တွင် နောက်ထပ်ရက်ရှည်ရှည်နေနိုင်ရန် သူရိန်အိမ်မှာရှင်းစရာရှိသည့်ကိစ္စများရှင်းရမည်မို့ တစ်ရက်နှစ်ရက်ခဏပြန်ဦးမည်ဆိုတော့ လမင်းမနေခဲ့ချင်ပြန်ဘူး။ သူရိန့်အပြောကိုဘာမှအဖြေမပေးဘဲ သူ့ဟာနှင့်သူတကုတ်ကုတ်နှင့် သူရိန့်ကိုလိုက်ကြည့်နေသည်။ သူရိန်ပြန်မည်ဆိုသည့်အချိန်မှ "ငါလည်းလိုက်ခဲ့မယ်" ဟုဆိုကာ လိုက်လာခဲ့သည်မို့ သူရိန်မတားချင်တော့။

CigaretteWhere stories live. Discover now