🍫 10 🍫

92 8 1
                                    

Zawgyi

တရွေ့ရွေ့နှင့် ကုန်ဆုံးလာသော အချိန်စက်ဝန်းတို့သည် တစ်လကျော်ခဲ့ပြန်သည်။ တစ်လအတွင်း တာရာ၏ ပြောင်းလဲမှုမှာ မြန်ဆန်လွန်၏။ အိမ်ပြန်ချိန်နည်းလာသည်။ ကျွန်တော့်အား အသိပေးမှု လျော့ပါးလာ၏။ သူ့ကုမ္မဏီ၌ အချိန်ပြည့်ရှိမနေခဲ့ပါ။ သူ၏မျက်နှာထက်၌ စိတ်မကောင်းမှုအချို့ကို တွေ့မြင်နေရသည်။

ထိုသို့သော တာရာ၏ ပြောင်းလဲမှုကြောင့် ကျွန်တော်မှာ မျောက်မီးခဲကိုင်မိသလို ဖြစ်နေရသည်။ နေ့နေ့ညည အိပ်၍မပျော်၊ စား၍မဝင်ပါ။

ထို့ကြောင့် ကင်းစီ ဖုန်းဆက်ပြီး စုံစမ်းဖို့ တွေးလိုက်မိ၏။ လေသာဆောင်ဘက်ထွက်ပြီး ကင်းကို ဖုန်းခေါ်လိုက်သည်။ ညအချိန်ဖြစ်သောကြောင့် အချို့တိုက်များမှ မီးရောင်များကို မြင်တွေ့နေရ၏။ သို့သော် ကျွန်တော်အတွက် မီးလင်းခြင်း၊ မလင်းခြင်းသည် အရေးမကြီး။ ကင်းနဲ့ဆက်သွယ်မိဖို့သာ အရေးကြီးသည်။

*တီ တီ*

တတီတီမြည်နေသော ဖုန်းသံသည် နှစ်ကြိမ်မြည်ပြီးနောက် ကင်း၏အသံထွက်ပေါ်လာသည်။

{ရှင်း ဘာဖြစ်လို့လဲ}

“ကင်း ငါမင်းကို မေးစရာရှိလို့...။ မင်း အားလား”

ကင်းဘက်၌ တီးလုံးသံထွက်ပေါ်နေသောကြောင့် ကျွန်တော် သူအား၊ မအားအရင်မေးလိုက်သည်။

{ခဏလေး ရှင်း}

ကျွန်တော့်ကိုပြောပြီးနောက် ကင်းဘက်၌ တီလုံးသံများ တိုးတိတ်၍သွားသည်။ လမ်းလျှောက်သွားသော ခြေသံကိုလည်း ကြားလိုက်ရ၏။

{ရပြီ ရှင်း။ ငါ ဘားရောက်နေလို့}

သုံးမိနစ်‌ခန့်ကြာသော် ကင်းထံမှ စကားသံ ထွက်ပေါ်လာသည်။

“တာရာ အခုရက်ပိုင်းဘာတွေလုပ်နေလဲ သိလား ကင်း”

{ဘာဖြစ်လို့လဲ ရှင်း။ တာရာနဲ့ငါ ဒီလမတွေ့ဖြစ်ဘူး။ သူအလုပ်ရှုပ်နေတယ်ပဲ ထင်နေတာ...တစ်ခုခုဖြစ်လို့လား}

ကင်း၏လေသံသည် တွေးတွေးစစ ပြောသံမှ တဖြည်းဖြည်း စစ်ဆေးသလိုဖြစ်လာ၏။ ကျွန်တော် မေးမိသည်မှာ မှားသွားပြီမှန်း သိလိုက်သည်။

ငါချစ်တာမင်း [Completed]Where stories live. Discover now