အခန်း ၂၆၀ (ပင်ကိုယ်သိစိတ်)

3K 325 4
                                    

[Unicode]

အခန်း ၂၆၀ (ပင်ကိုယ်သိစိတ်)

ပြောင်းပင်ထက် အဖိုပွင့်တွေ ပွင့်ဖူးချိန်က မြေယာစီစဉ်ကြီးကြပ်မှုရဲ့ အရေးကြီးဆုံး အချိန်ဖြစ်တယ်။ ထိုအချိန်ရောက်ရင် ပြောင်းပင်ပေါ်က အရွက်တွေက လျော့ရဲကြီးမားလာပြီး ရိုးတံတွေက ထူထဲ တုတ်ခိုင်လာတယ်။ အဲ့လိုအခြေအနေရှိမှသာလျှင် အစေ့အဆန်အောင်ပြီး နောက်ပိုင်း အထွက်ကောင်းမှာဖြစ်တယ်။

ယွီရှောင်ချောင်းမှာ ဝှက်ဖဲအဖြစ် အံ့ဖွယ်ကျောက်တုံးရှိနေတာကြောင့် သူမအတွက် ဒါတွေက ပြဿနာတော့မရှိပေ။ ယွီမိသားစုရဲ့ စိုက်ခင်းတွေက ပြည့်ဖြိုးသန်စွမ်းတဲ့ ပြောင်းဖူးရိုးတံတွေနဲ့ ပြည့်နေတယ်။ ရောဂါပိုးမွှားနဲ့ မြေဩဇာအာဟာရ မပြည့်ဝမှာကို သူတို့ တွေးပူနေစရာမလိုဘူး။ အမပွင့်တွေ ပွင့်အာလာပြီး အဖိုပွင့်တွေ ရင့်မှည့်ကာ ဝတ်မှုံထုတ်လာမယ့်အချိန်ကိုပဲ သူတို့ စောင့်နေစရာလိုတယ်။

ယွီရှောင်ချောင်းမိသားစုရဲ့ အားလုံးသော မြေခြောက်မူ ဖရဲစိုက်ခင်းမှာ ရောင်းထွက်သွားပြီ။ သူတို့ အဲ့ဒီစိုက်ခင်းတွေကနေ အားလုံးပေါင်း လျန်တစ်သောင်းငါးထောင်ကျော် ငွေရှာနိုင်ခဲ့တယ်။ ဖရဲသီးဒိုင်အများစုက သူတို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ မိသားစုအချို့မှဖြစ်သည်။ ယွီမိသားစုရဲ့ ဂုဏ်သတင်းကြောင့် တိုင်းပြည်ရဲ့ အခြားဒေသကနေလာတဲ့ ဒိုင်တွေရှိပေမယ့်လည်း တစ်နေ့တာအတွင်း သီးမှည့်တဲ့ ဖရဲသီးအရေအတွက်က အကန့်အသတ်နဲ့ ဖြစ်တာကြောင့် ထိုဒိုင်များက ဖရဲသီး လှည်းတစ်စီးစာ နှစ်စီးစာသာ ရရှိနိုင်တယ်။

တော်ဝင်မင်းသားယန်က ဖရဲသီးယူဖို့ ဆယ်ရက်တစ်ကြိမ် လှည်းအနည်းငယ်ကို စေလွှတ်လေ့ရှိတယ်။ သူက ယွီမိသားစုကို အမြတ်မထုတ်ဘဲ သူတို့ရဲ့ပုံမှန် လက်ကားစျေးဖြစ်တဲ့ အလုံးကြီးတစ်လုံး ငွေငါးလျန်၊ အလုံးသေးတစ်လုံး ငွေသုံးလျန် ပမာဏအတိုင်းသာ ဝယ်ယူတယ်။ ထို့နောက် မြို့တော်ကို ပြန်သယ်လာပြီး စျေးနှစ်ဆ တင်ကာ ဝယ်ယူဖို့ တန်းစီစောင့်နေတဲ့ ဝယ်သူတွေကို ပြန်လည်ရောင်းချတယ်။ မင်းသားကြီးကျင်းမှာ သူ့ဆိုင်က ဖရဲသီးဝယ်နိုင်ဖို့အရေး ထပ်တလဲလဲ လမ်းပိတ် နှောင့်ယှက်ကာ အနောက်ပေါက်ကနေ ဝယ်ဖို့ ကြိုးစားနေကြတဲ့ သူ့အဖော်အပေါင်းတွေကြောင့် ကျန်းမာရေးခွင့်ယူပြီး ချွေးသိပ်အပန်းဖြေဖို့ ထန်ကူမြို့သို့ ထွက်လာလိုက်တယ်။

ဧကရာဇ်က ဒါကို ကြားရတဲ့အခါ သူ့နှုတ်ခမ်းတို့ ကွေးတက်သွားပြီး မင်းသားကျင်းကို တိတ်တဆိတ် ကျိန်ဆဲလိုက်တယ်။
'အာ တစ်ခြားသူတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရလို့ ဟုတ်လား? ဟမ့်! သူ့ချစ်ဇနီးကို လွမ်းနေလို့ ဆိုတာက ပိုမှန်လိမ့်မယ်!

တစ်နှစ်ကျော် ဆောက်လုပ်ပြီးတဲ့နောက်မှာ အနောက်တောင်တန်းပေါ်က မင်းသားကြီးကျင်း စံအိမ်တော်ရဲ့ အခြေခံဆောက်လုပ်မှုပိုင်း အများစုက ပြီးစီးသွားကြပြီ။ တုန်ရှန်းရွာ အနောက်ဘက်ခြမ်းနဲ့ ယွီရှောင်ချောင်းရဲ့ နေအိမ်ဝန်းကျင်မှာ အနောက်တောင်တန်းဆီ မြွေလိမ်မြွေကောက်သဖွယ် စီရီသွယ်တန်းထားတဲ့ ကျောက်တုံးခြေနင်းပြားလမ်းရှည် တစ်သွယ်ရှိတယ်။ နေရောင်အောက်မှာ တဖျတ်ဖျတ်လက်နေတဲ့ အနီရောင်နဲ့ အစိမ်းရောင် ခေါင်မိုးအုတ်ကြွပ်ပြားကို တောအုပ်ထဲရှိ သစ်ပင်များနောက်မှ ခပ်ရေးရေး လှမ်းမြင်နေရတယ်။

အရပ်မြင့်မြင့် ဟိတ်ဟန်ကောင်းတဲ့ ကိုယ်ခန္ဓာတစ်ခု ထိုခြေနင်းလမ်းတစ်လျှောက်မှ ခပ်မှန်မှန် ဆင်းလာတယ်။ တဖြည်းဖြည်း ထိုပုဂ္ဂိုလ်ရဲ့ ပုံပန်းသွင်ပြင်က ထင်ရှားလာတယ်: ပြီးပြည့်စုံစွာ ထွင်းထုထားသော မျက်နှာ ရေခဲခေတ်က အေးစက်မှုမျိုး တစ်ချက်တစ်ချက် ဖြတ်သန်းသွားတဲ့ ခပ်တန်းတန်း မျက်ဝန်းတစ်စုံ အထက်က ထူထဲမည်းနက်နေသော မျက်ခုံးတစ်စုံ သိပ်ကို ချောမော ခံ့ညားတယ်။ တောင်လေညင်းက ထိုသူရဲ့ နက်မှောင်နေတဲ့ ဆံစအချို့ကို အသာအယာ ပင့်တင်သွားပြီး သူ့ရဲ့မိုးပြာရောင်ဝတ်ရုံစအား ဝှေ့ရမ်းလှုပ်ခါသွားတယ်။ စစ်နတ်ဘုရားကိုယ်တိုင် ကောင်းကင်ဘုံက သက်ဆင်းလာသလို။

ခုမှပဲ အနားယူရတော့တဲ့ ရှောင်ချောင်းမှာ တောင်ခြေအောက်မှာ ရောက်နေတာဖြစ်တယ်။ ကျိုးရှန်းဟူနဲ့ သူမအရွယ် တခြားရွာသူ မိန်းကလေးတွေက သူတို့နဲ့အတူ မှိုရိုင်းလိုက်ခူးဖို့ သူမကို အောင်အောင်မြင်မြင် သိမ်းသွင်း ခေါ်ဆောင်လာတယ်လေ။ အရင်နေ့ညက မိုးရွာခဲ့တာကြောင့် မြေကြီးထဲက မှိုရိုင်းတွေအကုန် မြေပေါ်ပြူထွက်နေကြတယ်။ သူတို့လေးတွေက ထီးသေးသေးလေးတွေနဲ့တောင် တူနေသေးတယ်။

ကျိုးရှန်ဟူက သူမခေါင်းကို မော့လိုက်တဲ့အခါ မိုးပြာရောင်နဲ့လူတစ်ယောက် လမ်းလျှောက်လာနေတာကို မြင်လိုက်တယ်။ သူမ မနေနိုင်ဘဲ တအံ့တဩနဲ့ ခပ်တိုးတိုးဆိုလာတယ်။

"အို ကြည့်စမ်းပါဦး! တော်ဝင်မင်းသား တောင်ပေါ်က ဆင်းလာနေတယ် !! သူက အရမ်းချောတာပဲ!! "

ရွာသူမလေး ကျိန်ရှောင်ချွေ့ကလည်း တခစ်ခစ်ရယ်နေတာကို ထိန်းဖို့ သူမပါးစပ်ကို လက်နဲ့ကာအုပ်လိုက်တယ်။ သူမက ခုဏက မိန်းကလေးအား စနောက်လိုက်တယ်။

" ငါကြားတာတော့ တော်ဝင်မင်းသားက ခုထိလက်မထပ်ရသေးဘူးတဲ့ နောက်ပြီး ကိုယ်လုပ်တော်လည်းမရှိသေးဘူးဆိုပဲ နင်သူ့ကို မှန်းရင် အဒေါ်ကျိုးကို သူ့ကိုယ်လုပ်တော်ဖြစ်ဖို့ ပြောကြည့်ပါလား "

" အရူးမ ငါနင့်ပါးစပ်ကို မဖြဲပစ်ခင် သတိထားနေ"

ကျိုးရှန်းဟူက ရှောင်ချောင်းထက် တစ်နှစ်ကြီးပြီး အသက်ဆယ့်တစ်နှစ် ဖြစ်သည်။ နောက် နှစ်အနည်းငယ်နေရင် သူမက စေ့စပ်ရမယ့် အရွယ်ကိုရောက်ပြီ။ ရှောင်ချွေ့ရဲ့စကားတွေက ရှန်းဟူကို ရှက်ရိပ်သန်းစေသလို ဒေါသရေးရေးလည်း ထွက်စေတာကြောင့် သူမက ထိုကောင်မလေးအား စတင် ကလိယားထိုးပါတော့တယ်။

ယွီမိသားစုရဲ့ မိတ်ဆွေကောင်းဖြစ်တဲ့ လျိုရွှမ်းကျူးရဲ့သမီး လျိုရင်းဇီက ရှောင်ချောင်းနားထဲကို တီးတိုးပြောလိုက်တယ်။

"အဲ့ဒီတော်ဝင်မင်းသားက ကြောက်ဖို့ကောင်းတဲ့ပုံပဲ သူ့မျက်လုံးတွေက ဓားတစ်လက်လို စူးရှလွန်းလို့ ငါ့မှာ မော့တောင် မကြည့်ရဲဘူး ! သူ့ဇနီး ဒါမှမဟုတ် သူ့ကိုယ်လုပ်တော် ဖြစ်လာမယ့် သူကတော့ အဲ့ဒီရေခဲမျက်နှာကြီးကို တစ်နေ့လုံး ကြည့်နေရမှာ အာ! သူတို့တွေ ကြောက်ပြီး မသေရင် သေချာပေါက် ခဲပြီးကိုသေကြမှာ! "

" ဒါပေမယ့် ကောင်းတဲ့တစ်ချက်တော့ ရှိပါတယ် နွေရာသီလိုဆိုရင်တော့ သူ့နားတစ်ဝိုက်မှာ အပူချိန်လျော့လို့ လေအေးအေးလေးတွေ ရနိုင်တာပေါ့ ! "

ချန်းဝိန်နဲ့ ချန်းဝူရဲ့ညီမ ယာဖန်းက မျက်လုံးလေး ပေကလတ် ပေကလတ်နဲ့ ကိုယ့်ဟာသကိုယ် သဘောကျပြီး ပြုံးဖြဲဖြဲလုပ်နေတယ်။

ယွီရှောင်ချောင်းက သူမပါးစပ်ကို လက်တွေနဲ့ ကာထားထားတာကြောင့် "ဖွီးးး"ရယ်သံက မတော်တဆ ထွက်လာတယ်။ သူမမျက်လုံးတွေထဲမှာ တော်ဝင်မင်းသားလေးက စက္ကူကျားလေးလိုပဲ။ ရက်စက်ကြမ်းကြုတ်တဲ့ပုံ ပေါက်ပေမယ့် တကယ်တမ်းတော့ ကြောက်စရာမကောင်းပါဘူး။ ဒါပေမယ့် ကျူးကျွင်းယန်က သူမအပေါ်မှာသာ နူးညံ့ပြီး သူမရဲ့ နောက်တီးနောက်တောက် အပြုအမူတွေကို သည်းခံပေးတာဖြစ်သည်။

"သခင်လေး ဟိုဘက်မှာ မိန်းကလေးယွီနဲ့တူတယ်

အထိန်းတော်ခေါင်းဆောင်လျိုက မျက်စိလျင်တဲ့အတွက် သူမနဲ့ရွယ်တူ မိန်းကလေးအုပ်စုတွေကြား ယွီရှောင်ချောင်းကို ရှာတွေ့သွားတယ်။ သူက ဒီအကြောင်းကို သူ့သခင်အား သေချာပေါက် လျှောက်တင်လိုက်ပါတယ်။

တုန်ရှန်းရွာက စိုက်ခင်းတွေကို ကြီးကြပ်စောင့်ကြည့်ဖို့ ကျူးကျွင်းယန် တာဝန်ချထား ခံလိုက်ရကတည်းက သူရဲ့အညှာအတာကင်းမဲ့တဲ့ ဒုတိယအစ်ကိုက လွတ်မြောက်သွားတယ်။ နယ်စပ်က စစ်သူကြီးကျောက်ရဲ့စစ်တပ်မှာ စာရင်းသွင်းဖို့ ထွက်မသွားခင် စကားလေးတစ်ခွန်းတောင် ချန်မသွားခဲ့ဘူးလေ။ နောက်ဆက်တွဲအနေနဲ့ အနောက်တောင်တန်းပေါ်က အိမ်တော်ဆောက်လုပ်မှု ကြီးကြပ်ဖို့တာဝန်က ကျူကျွင်းယန်အပေါ်ပဲ ကျလာပြန်တယ်။

ဒါ့အပြင် အရှင်သခင်မ ကြင်ယာတော်မင်းသမီးကလည်း သားအငယ်ဆုံးဖြစ်တဲ့ သူ့ကို သူ့သားတွေအကုန်လုံးက သူတို့မိဘတွေရဲ့ ခံစားချက်ကိုဘယ်တော့မှ ဂရုမစိုက်ဘဲ သူတို့အတွက်သူတို့ပဲ ကြည့်ကြတယ်ဟု ငိုယို တိုင်တန်းလေတယ်။ သူ့ဒုတိယအစ်ကိုတော် စစ်တပ်ထဲ လျှို့ဝှက်စာရင်းသွင်းတာကအစ သူပင်လယ်ထဲ ခရီးထွက်သွားတာကအဆုံး မြည်တန်းရေရွတ်နေတယ်။ ဒါတွေအားလုံးက သူမအား လွန်စွာနာကျင်ရပြီး များစွာခံစားရစေတယ်။

ထိုတာဝန်တွေ လက်ခံယူရတဲ့ ကံမကောင်းသူ ကျူးကျွင်းယန်ခမျာ သူ့မယ်တော်ရဲ့ ညည်းညူသံတွေကို မခံစားနိုင်တော့တဲ့အတွက် သူ့ရဲ့နန်းတွင်းတာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ဖို့ အကြောင်းပြပြီး မနက်ခင်း ဝေလီဝေလင်းအချိန်မှာ တုန်ရှန်းရှာဆီ ရှောင်ထွက်လာတယ်။ အနောက်တောင်တန်းပေါ်ကို မြင်းစီးတက်သွားကာ အိမ်တော်ဆောက်လုပ်ရေး အခြေအနေတိုးတက်လာမှုကို တစ်ချက်စစ်ဆေးပြီးနောက် တောင်ပေါ်မှ ဆင်းလာခဲ့တယ်။ သူဆင်းလာရင်း သူရှေ့မှာ အမြဲလိုလို ဂိုက်ပေးတတ်တဲ့ အဲ့ဒီကောင်မလေးဆီကနေ ဘယ်လိုခက်ခဲတဲ့ နေ့လယ်စာ ဟင်းလျာတွေကို မှာကြားရမလဲ စဉ်းစားအကြံထုတ်နေတယ်။

အထိန်းတော်ခေါင်းဆောင်လျိုရဲ့ တင်ပြချက်ကို ကြားပြီးနောက် သူက အဝေးက တစ်ခစ်ခစ်ရယ်သံတွေ ကြားရာဆီကို ကြည့်လိုက်တယ်။ သိပ်သေချာတာပေါ့။ အဲ့ဒီရင်းနှီးနေတဲ့ ပိန်ပါးပါး အားနည်းပုံရှိတဲ့ ခန္ဓာကိုယ်လေးက ကုန်းကုန်း ကုန်းကုန်းနဲ့ မြက်တွေထဲမှာ တစ်ခုခုကို လိုက်ရှာနေတယ်။

"မင်းဘာရှာနေတာလဲ?"

ကျန်နေသေးတဲ့ ကျောက်တုံးခြေလှမ်း ဒါဇင်လောက်ကို ကျူကျွင်းယန်က အလွယ်လေး ဖြတ်လျှောက်လာတယ်။ ဣန္ဒြေမဆည်နိုင်အောင် ဟားတိုက်ရယ်မောနေကြတဲ့ မိန်းကလေးတွေမှာ သူတို့စကားဝိုင်းရဲ့ ခေါင်းစဉ်ကြီး ကျူးကျွင်းယန်က သူတို့အနားမှာ ရောက်နေပြီဆိုတာ သတိမထားမိကြဟန်။

မာကျောပြီး အေးစက်တဲ့အသံကို ကြားတော့ မိန်းကလေးတွေအကုန် လန့်ဖျပ် တုန်လှုပ်သွားကြတယ်။ ကြောက်ကြောက်လန့်လန့်နဲ့ သူတို့ခမျာ ပြေးထွက်သွားလိုက်တာ ခြင်းတောင်းတွေတောင် သယ်သွားဖို့ မေ့ကျန်နေခဲ့တယ်။

ယွီရှောင်ချောင်းက သူမကိုယ်ကို မတ်လိုက်ပြီး သူမနောက်ကို လှမ်းလာနေတဲ့ တော်ဝင်မင်းသားအား ကြည့်လိုက်တယ်။ သူမကရယ်ပြီး

"ကြောက်စရာကောင်းတဲ့ သားရိုင်းကောင်ကြီးများ ဆင်းလာတာလားလို့ ကျွန်မထင်သွားတာ တကယ်တော့ ရှင်ဖြစ်နေတာကိုး! ကြည့်ပါဦး! ရှင်လုပ်လိုက်လို့ ကောင်မလေးတွေအကုန် ထွက်ပြေးကုန်ပြီ! "

သူ့မျက်လုံးထောင့်ကနေ ကျူးကျွင်းယန်က ပုန်းလျှိုးနေကြတဲ့ မိန်းကလေးအုပ်စုကို အသာလှမ်းကြည့်လိုက်တယ်။ သူ့စိတ်ထဲမှာလည်း ဒေါသထွက်သွားတယ်။ သူ့ကို ဂရုမထားဘဲ မှိုတွေ ဆက်တူးနေတဲ့ ယွီရှောင်ချောင်းအား

"သူတို့တွေ အားလုံးက စိတ်သဘောထား သေးသိမ်ပြီး သိမ်ဖျင်းကြတယ်! နောက်ကျရင် သူတို့တွေနဲ့ အချိန်သိပ်မဖြုန်းနဲ့! မတန်ဘူး!

ယွီရှောင်ချောင်းက သူမလက်ထဲက မှိုတွေနဲ့ သူ့မျက်နှာကို ပစ်ပေါက်ချင်လှပြီ။ သူမ မကျေနပ်စွာ ပြန်ပြောလိုက်တယ်။

"တော်ဝင်မင်းသားလေး ရှင့်မှာ မြင့်မြတ်တဲ့ ဂုဏ်ပုဒ်နဲ့ ရာထူးရှိတယ် သေချာပေါက် ကျွန်မတို့လို သာမန်အရိုင်းအစိုင်းတွေက ရှင့်အတွက် အရေးမပါဘူးပေါ့ ဒီလို သာမည လူတစ်ယောက်ရဲ့ သိမ်ဖျင်းမှုတွေ ရှင့်ခန္ဓာကိုယ်ပေါ် မကပ်ရလေအောင် ဝေးဝေးမှာ နေတော်မူလှည့်ပါ "

သူ့ရဲ့အထူးစွမ်းရည်ကို မသုံးရင်တောင် ယွီရှောင်ချောင်း စိတ်ဆိုးနေပြီဆိုတာ ကျူးကျွင်းယန် ပြောနိုင်တယ်။ သူက ရှုပ်ထွေးစွာနဲ့ မေးလာတယ်။

ဒီမင်းသားက မင်းအကြောင်း ပြောနေတာမဟုတ်ဘူးလေ မင်းက ဘာလို့ ဒေါသတွေ ထွက်နေရတာလဲ?

"သူတို့အားလုံးက ကျွန်မရဲ့ သူငယ်ချင်းတွေ ရှင်သူတို့ကို မလေးစားတာက ကျွန်မကို မလေးစားတာနဲ့ ဘာခြားမှာလဲ? "

ယွီရှောင်ချောင်းက သူမမျက်နှာကို စူပုတ်ပုတ်လုပ်ပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် ကျောပေးကာ သူမနောက်စေ့ကိုပဲ သူ့အား မျက်နှာမူစေလိုက်တယ်။

ကျူးကျွင်းယန်က မျက်မှောင်ကြုတ်ပြီး မိန်းကလေးအုပ်စုရှိရာကို ထပ်ကြည့်လိုက်တယ်။ အဲ့ဒီမိန်းကလေးအုပ်စုထဲမှာ တစ်ယောက်ယောက်က မရိုးသားတဲ့ ရည်ရွယ်ချက်ရှိနေတယ်လို့ သူ့ရဲ့ သိစိတ်စွမ်းရည်က ပြောပြနေတယ်။ အဲ့ဒီမိန်းကလေးရဲ့ အကျင့်တွေ ရှောင်ချောင်းကို ကူးသွားမှာ ဒါမှမဟုတ် ရှောင်ချောင်းကို အန္တရာယ်ဖြစ်စေမှာကို သူစိုးရိမ်တယ်။ ဒါတွေကြောင့် ကျူးကျွင်းယန် သူမအား သတိပေးရခြင်းဖြစ်တယ်။ ဒါပေမယ့် ဘယ်လို ရှင်းပြရမလဲ ဆိုတာကိုတော့ သူ မသိဘူး ဖြစ်နေတယ်။

ကသိကအောက်နိုင်တဲ့ တိတ်ဆိတ်မှုက ခဏတာမျှ လွှမ်းမိုးသွားတယ်။ သို့ပေမယ့် နောက်ဆုံးတော့ သူပြန်ပြောလာတယ်။

" သူငယ်ချင်းတွေ ရွေးချယ်တဲ့အခါမှာ သေချာသတိထား ပေါင်းရမယ်! အဲ့လိုမှမဟုတ်ရင် မင်းကိုယ်တိုင်အပါအဝင် အခြားလူတွေကိုပါ ပြဿနာဖြစ်စေလိမ့်မယ်..."

ယွီရှောင်ချောင်းက အလေးအနက်ဖြစ်နေတဲ့ သူ့ပုံစံကို သတိထားမိတာမို့ သူမလက်ထဲက မှိုတွေကို ခြင်းထဲထည့်ပြီး သူ့မျက်လုံးတွေကို ကြည့်လာတယ်။

"ရှင်တစ်ခုခု သိထားလို့လား? အဲ့ဒီအုပ်စုထဲမှာ ကျွန်မကို နာကျင်စေချင်တဲ့သူ ရှိနေတာလား?"

"သူမက မင်းကို ထိခိုက်အောင် လုပ်မလား မလုပ်ဘူးလားတော့ ငါ ခုချိန်မှာ မပြောနိုင်ဘူး ဒါပေမယ့် အဲ့ဒီမိန်းကလေးအုပ်စုထဲက တစ်ယောက်ယောက်မှာတော့ ရည်ရွယ်ချက်ကောင်းတွေ ရှိမနေဘူး မင်းဂရုစိုက်နေဖို့ လိုတယ်..."

ကျူးကျွင်းယန်က နောက်ဆုံးမှာ သူမလေး နာကျင်ထိခိုက်မှာကို စိုးရိမ်တာကြောင့် သူမကို သတိပေးမိတယ်။

"သူတို့လား သူတို့ထဲက တစ်ယောက်မှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိနေတယ်လား?"

မိန်းကလေး လေးယောက်အုပ်စုထဲမှာ သုံးယောက်က ရှောင်ချောင်းရဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေ ဖြစ်ကြတယ်။ ကျိုးရှန်းဟူက ဉာဏ်ကောင်းပြီး ပွင့်လင်းတဲ့စရိုက်ရှိသလို အရိပ်အခြည်လည်း ကြည့်မနေတတ်ဘူး။ ချန်းယာဖန်းက အဖွဲ့ထဲမှာ အငယ်ဆုံးဖြစ်ပြီး ချိုသာကာ ချစ်ဖို့ကောင်းတယ်။ လျိုရင်းဇီက ရိုသားဖြောင့်မတ်ပြီး အားလုံးရဲ့ အစ်မကြီးသဖွယ် ဆက်ဆံတယ်။ သူမက တစ်ခြားသူတွေကို ဂရုစိုက်တဲ့နေရာမှာ သိပ်ကိုတော်တယ်။

သူမ ကောင်းကောင်းမသိတဲ့ တစ်ယောက်တည်းသော မိန်းကလေးက ကျိန်ရှောင်ချွေ့။ သူမသိထားသမျှက ထိုမိန်းကလေးဟာ လျိုရင်းဇီရဲ့ အိမ်နီးချင်းဖြစ်ပြီး လျိုရင်းဇီ မှိုသွားခူးမှာကိုသိလို့ အတူလိုက်ပါလာတယ် ဆိုတာပဲ။ သူတို့အားလုံးက ဆယ်နှစ်အရွယ် ကောင်မလေးသာသာတွေ။ တော်ဝင်မင်းသားရဲ့နားထဲ ဒီလို ကွယ်ဝှက်တဲ့ အကြံအစည်ရှိတဲ့ စကားမျိုးက ဘယ်သူ့ဆီကများ ရောက်လာတာဖြစ်မလဲ?

ယွီရှောင်ချောင်းက ကျူးကျွင်းယန်အနား အသာတိုးသွားပြီး သူ့နားကို သူမအနားတိုးလာဖို့ လက်ယက်ခေါ်လိုက်တယ်။ သူမက ကျူကျွင်းယန်ရဲ့ နားထဲကို တိုးတိုးလေး ပြောလေတယ်။

"ရှင်တစ်နေရာရာကနေ တစ်ခုခုကြားခဲ့လို့လား?"

"မဟုတ်ပါဘူး!"

ကျူကျွင်းယန် သူ့ နားမှ ယားကျိကျိဖြစ်လာသလို ခံစားရတဲ့အတွက် ကိုယ်ကို ခပ်မြန်မြန် ပြန်မတ်လိုက်တယ်။ သူက ဘေးကို နည်းနည်းရွေ့သွားပြီး သူ့မျက်နှာပေါ်မှာ အေးစက်တဲ့အမူအရာ ပြင်လိုက်တယ်။ တစ်ယောက်ယောက်ကသာ သူ့မျက်နှာကို အနီးကပ်ကြည့်ရင် ဒီချောမောတဲ့ လူငယ်လေးရဲ့ နားရွက်ထိပ်တွေက အနည်းငယ်နီရဲနေတာကို သတိထားမိနိုင်တယ်။

ယွီရှောင်ချောင်းက သူ့ကို ပိုမိုစိုက်ကြည့်ပြီး ပြောလိုက်တယ်။

"ရှင့်ကို ဘယ်သူက ဘာမှမပြောရင် သူတို့ထဲက တစ်ယောက်မှာ မရိုးသားတဲ့ အကြံအစည် ရှိနေတယ်ဆိုတာ ရှင် ဘယ်လိုသိတာလဲ?"

သူမက သူ့ကို ကြောင်နေတဲ့သူလို့ ထင်သွားမှာစိုးတဲ့အတွက် ကျူးကျွင်းယန်က သူမကို သူ့ရဲ့ ထူးဆန်းတဲ့ စွမ်းရည်အကြောင်း သေချာပေါက် ပြောမပြနိုင်ခဲ့ဘူး။ ဒါကြောင့် "အလိုလိုသိတာ"လို့ပဲ သူ့မှာ ပြန်ဖြေပြနိုင်တယ်။

"အဟွတ်"

ယွီရှောင်ချောင်း သူ့တံတွေးသူ သီးမလိုတောင် ဖြစ်သွားတယ်။ သူမက ရယ်ရင်းပြောတယ်။

"တော်ဝင်မင်းသားလေး, ရှင်ဘယ်တုန်းကများ မိန်းမလိုမိန်းမရ ဖြစ်သွားရတာလဲ? "

"မိန်းမလိုမိန်းမရဖြစ်တယ်? မင်း ဘာကိုဆိုလိုချင်တာလဲ?"

ကျူကျွင်းယန်က ဒါဟာ ကောင်းမွန်တဲ့ အသုံးအနှုန်း မဟုတ်တာကို ခံစားမိတာကြောင့် သူမကို သတိနဲ့ ကြည့်လိုက်တယ်။

"မိန်းကလေးတွေရဲ့အလိုလိုသိစိတ် မိန်းကလေးတွေရဲ့ အလိုလိုသိစိတ် သေချာပေါက် အမျိုးသမီးတွေကပဲ သူတို့ရဲ့ကိုယ်ပိုင် ပင်ကိုယ်သိစိတ်ကို ယုံကြတာ တော်ဝင်မင်းသားလေး ရှင်ဘယ်တုန်းကတည်းကများ ဒီလို ယုတ္တိတန်မဲ့ ဖြစ်သွားတာလဲ?"

ယွီရှောင်ချောင်း ဘာတောင် ဆက်ပြောပေးရမလဲ မသိတော့ပေ။

ကျူကျွင်းယန်က သူမ ဒါကို စိတ်ထဲထားမနေတာကိုမြင်တော့ မိန်းကလေးတွေရဲ့ စိတ်ခံစားချက်တွေနဲ့ သက်ဆိုင်တဲ့ ဒီအကြောင်းအရာကို ဆက်ပြောမနေတော့။ သူက သတိမူကာ သူမကို ထပ်သတိပေးတယ်။

"မင်းဒါကို စိတ်ထဲမထားရင်တောင် ဒီမင်းသားရဲ့ ပင်ကိုယ်သိစိတ်က အမြန်မှန်တယ်လို့ မင်းကိုပြောထားရလိမ့်မယ် ငါ့ရဲ့အတွင်း ပင်ကိုယ်သိစိတ်ကြောင့် ငါ့ကို အကွက်ချ စီစဉ်ထားတာတွေကို ရှောင်ရှားနိုင်ခဲ့တာ ဒီမင်းသားက မင်းကို ကောင်းစေချင်လို့ သတိပေးနေတာ ယုံတာ မယုံတာကတော့ မင်းရဲ့သဘောပဲ! "

ကျူးကျွင်းယန်က သူတို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ မိန်းကလေးတွေအုပ်စုကို ဖျတ်ခနဲကြည့်လိုက်တယ်။ အဲ့ဒီကောင်မလေးတွေ ဘာလုပ်နေလဲဆိုတာ သူမသိပေမယ့် သူတို့တွေ အကြောင်းအရာတစ်ခုကို လက်ဟန်ခြေဟန်တွေနဲ့ပါ ပြောနေတယ်ဆိုတာကိုတော့ သူအတပ် ပြောနိုင်တယ်။ ဘယ်သူကများ ရှောင်ချောင်းကို ပစ်မှတ်ထားနေတာလဲ? သူ ဒီလိုရမ်းကားတဲ့ ကောင်မစုတ်လေးကို သေချာစောင့်ကြည့်ရမယ်။ သို့ပေမယ့် အဲ့ဒီကောင်မလေး ချိန်ရွယ်နေတာက ယွီရှောင်ချောင်းမဟုတ်ဘဲ သူဖြစ်နေလိမ့်မယ်လို့ ကျူးကျွင်းယန် မမျှော်လင့်ထားခဲ့ပါ။

ယွီရှောင်ချောင်းကတော့ သူမမှာ တစ်ယောက်ယောက် အကောက်ကြံရလောက်အောင် ဘာမှကောင်းမွန်နေတာ မရှိဘူးလို့ ထင်တယ်။ တော်ဝင်မင်းသားလေး စိတ်အခြေအနေ သုန်မှုန်သွားတာကို သတိထားမိတဲ့အခါ သူမက ခပ်မြန်မြန် ကြားဖြတ်ပြောလာလိုက်တယ်။

"ခဏလေး ကျွန်မ ဒေါ်လေးကျိုးအိမ်မှာ ကြက်ဖတစ်ကောင် သွားဝယ်လိုက်ဦးမယ် နေ့လယ်စာအတွက် ကျွန်မရှင့်ကို နံပြားရယ် မှိုနဲ့ ကြက်သားနှပ်ရယ် ချက်ကျွေးမယ်လေ ဒီဟင်းတွေက ကျေးလက်ဟင်းတွေဆိုပေမယ့် အရသာကအရမ်းကောင်းပဲ!"

"ကောင်းပြီ! ငါ ဝက်အူချိုချဉ်နဲ့ကြာဆံကိုလည်း စားချင်တယ်!"

ကျူးကျွင်းယန်က အရသာပြင်းတဲ့ အစားအသောက်တွေ စားရတာကို ကြိုက်တယ်။ အရင်တစ်ခါတုန်းကလည်း ဝက်အူချိုချဉ်နဲ့ ကြာဆံတစ်ပန်းကန်လုံး သူတစ်ယောက်တည်း အကုန်စားခဲ့တာ။ ဟင်းလျာက ထုံစပ်စပ်ကိုမှ ချဉ်သက်သက်ကလေးဖြစ်ပြီး အရသာရှိသလို အနံ့ကလေးလည်း သင်းတယ်။ ဆီပါပေမယ့် အရသာက ချွဲပျစ်မနေ။ အဲ့တာက သူကြိုက်နှစ်သက်တဲ့ အရသာအားလုံးကို ပေးစွမ်းနိုင်လို့ အဲ့ကတည်းက သူအဲ့ဟင်းကို မမေ့နိုင်တော့ဘူး။

စောနက သူ ဒီကောင်မလေးကို သူ့နှလုံးသားထဲက စိတ်ရင်းနဲ့ကို ကောင်းစေချင်လို့ သတိပေးခဲ့ပေမယ့် သူမလေးကတော့ ရယ်မောခဲ့တယ်။ ဒါကြောင့် နေ့လယ်စာအတွက် သူမကိုခက်ခဲအောင် ပြန်လုပ်ပေးရမယ်။ ဒီလိုနဲ့ သူက ကျိန်ရှုံစားသောက်ဆိုင်ရဲ့ အထူးဟင်းလျာ 'ဝက်အူချိုချဉ်ကြာဆံ'ကို မှာလိုက်တယ်။ သူမက အဲ့ဟင်းကို မချက်နိုင်တဲ့အခါမှ သူမလေးကို အတိုးချ ပြန်ရယ်ပေးလိုက်မယ်။

ဒါပေမယ့် ကြာဆံနဲ့ဝက်အူချိုချဉ်ဟင်းပွဲရဲ့ ဟင်းချက်နည်းကိုရဖို့ ကျိန်ရှုံစားသောက်ဆိုင်က ငွေငါးရာလျန် သုံးခဲ့ရတယ်ဆိုတာကိုတော့ ကျူးကျွင်းယန် ဘယ်တုန်းကမှ မထင်ထားခဲ့ပါ။ ပြီးတော့ အဲ့တာကလည်း ယွီရှောင်ချောင်း ကိုယ်တိုင်ဆီကတဲ့လေ! နေ့လယ်စာကို သူက စစ်မှန်ပြီး မယုံနိုင်လောက်အောင် အရသာရှိတဲ့ ဝက်အူကြာဆံချိုချဉ်ကို သုံးဆောင်ခဲ့တယ်။ သုံးဆောင်ပြီးနောက်မှာမှ အတွေးတစ်ခု ဝင်လာတယ်။

'ဒီကောင်မလေးက ကျိန်ရှုံစားသောက်ဆိုင်နဲ့ ဘယ်လိုဆက်ဆံရေးရှိနေပါလိမ့်? ဘယ်လိုလုပ်ပြီး သူမက သူတို့ရဲ့ အထူးလင်းလျာ ပြုလုပ်နည်းတွေကို သိနေတဲ့အပြင် သူတို့ထက်ကို အရသာပိုရှိအောင် ချက်နေနိုင်ရတာလဲ?'

သူ့ရဲ့တောင်းဆိုမှုတွေနဲ့ ယွီရှောင်ချောင်းကို ဒုက္ခမပေးနိုင်ခဲ့လို့ ကျူးကျွင်းယန်က စတင် ကြေးများပြလာတော့တယ်။
" ဒီမှိုနဲ့ကြက်သားနှပ်က ရိုးလိုက်တာ မင်းအဲ့အစား ရစ်ငှက်သားပြောင်းချက်ရင် ပိုကောင်းမှာ မနက်ဖြန် ဒီမင်းသားက မင်းကို ကူညီတဲ့အနေနဲ့ အစားအသောက် ချက်ပြုတ်ဖို့ အရသာရှိတဲ့ သားကောင်တွေ ဖမ်းလာပေးမယ်! "

ယွီဟိုင်ခမျာ ဒါကိုကြားလာတော့ သူ့အနေနဲ့ ဘယ်လိုလုပ်ပြီး တော်ဝင်မင်းသားလိုလူကို အန္တရာယ်များတဲ့ နေရာထဲ သွားခိုင်းဝံ့မှာလဲ? တော်ဝင်မင်းသားယန်သာ တုန်ရှန်းရွာ အနီးဝန်ကျင်မှာ တစ်ခုခု မတော်တဖြစ်သွားရင် ဘယ်လိုလုပ်မလဲ? အဲ့လိုသာဆို သူတစ်ယောက်တည်းမဟုတ်ဘူး တုန်ရှန်းရွာတစ်ရွာလုံးပါ အမှုပတ်ကုန်မှာ!

သက်တန့်ရောင်မိန်းမပျို Book 2 (MMTranslation)Wo Geschichten leben. Entdecke jetzt