[Unicode]
အပိုင်း ၂၉၄ (အစီအစဉ်)
ကျူးကျွင်းယန်က လက်မောင်းဆီမှ အနည်းငယ် နာကျင်သွားတာကို သည်းခံလိုက်ပြီး ရိုးရိုးသားသား ပြောလိုက်တယ်။
"သူမက ခန္ဓာကိုယ်မှာ အသားလည်းမရှိပါဘူး... ဒါဆို ကြက်ပေါက်ကလေးလောက်ပဲ လေးရမှာ မဟုတ်ဘူးလား? ဒီလောက်လေးမယ် ထင်မထားဘူး! "
"ကျွန်မက ပိန်ပေမယ့် အရိုးတွေ ကြွက်သားတွေ သန်မာတယ်, ဟုတ်ပြီလား?"
ရှောင်ချောင်းက လူတွေ သူမကို ပိန်တယ်ချည်းပြောတာ ကြာတော့ စိတ်ကုန်လာပြီ။ ဒါကြောင့် သူမက တစ်နေ့တစ်နေ့ ထမင်းတွေ အများကြီးစားပြီး ရှောင်လျန်ထက်လည်း ပိုစားနိုင်ပေမယ့် ဝိတ်ကတော့ တက်မလာပေ။ ဒါပေမယ့် သူမက ကိုယ့်ကိုယ်ကိုတော့ ကောင်းမွန်တဲ့ အချိုးအဆစ်တွေရှိတယ်လို့ ထင်မိတယ်။ သူမက ဟိုလိုကြီး အရိုးပေါ် အရေတင်နေတာမျိုးတော့ မဟုတ်ဘူး။ ကျန်းမာနေရင်ပြီးတာပဲလေ။ ဝတာထက်စာရင် ပိန်တာက ပိုတောင်ကောင်းသေးတယ်။ အနည်းဆုံးတော့ သူမ ဝိတ်တက်မှာတွေ ဘာတွေ ပူစရာမလိုတော့ဘူးပေါ့။
ယွီရှောင်ချောင်းက တော်ဝင်မင်းသားငယ်ရဲ့ လက်မောင်းကို ကိုင်လိုက်ပြီး မျက်လုံးတွေကို ပြူးကာ ခပ်စွာစွာပြောတယ်။
"ဘာပဲဖြစ်ဖြစ် ကျွန်မက သမားတော်တစ်ပိုင်း ဖြစ်နေတဲ့သူပါ။ ဒါကြောင့် ကျွန်မပေးတဲ့ လိမ်းဆေးကို လဝက်လောက် ရှင်ဆက်လိမ်းရမယ်...ဘာမှ အတွန့်မတက်နဲ့! ရှင် စစ်ရေးလေ့ကျင့်တာတို့ မြှားပစ်တာတို့ ဆက်မလုပ်ချင်ရင်တော့ မလိမ်းလည်း ရတယ်"
ကျူးကျွင်းယန်က သူ့လက်မောင်းဒဏ်ရာက ယွီရှောင်ချောင်း ပြောသလောက်လည်း အခြေအနေမဆိုးဘူးလို့ ခံစားမိတယ်။ အနာဂတ်မှာ စစ်ရေးမလေ့ကျင့်နိုင်၊ မြှားဆက်မပစ်နိုင်တော့မယ့် ဖြစ်နိုင်ချေတွေကို ကြားရတော့ ကျူးကျွင်းယန်က ပါးစပ်ပိတ်ပြီး ပူးပေါင်းလိုက်တော့တယ်။ ဒီတိုင်း လိမ်းဆေးလေး လိမ်းရုံပဲမလား? အဲ့တာက နာကျင်တာ၊ ယားယံတာမျိုး မဖြစ်ပေမယ့် နည်းနည်းလေး ဒုက္ခများရုံပါပဲ။
ကျူးကျွင်းဖန်ကလည်း သူ့ညီဝမ်းကွဲရဲ့ လက်မောင်းဒဏ်ရာကို ကြည့်ကာ စိတ်ပူနေတယ်။ ဒါပေမယ့် ပုံမှန်ဆို သားရိုင်းတစ်ကောင်လို ပြုမူတတ်တဲ့ သူ့ညီဝမ်းကွဲလေးက ဒီမိန်းမငယ်လေးရှေ့မှာ အလွန်ကို အပိုးကျိုးနေတာကို မြင်ရတော့ သူက မနေနိုင်စွာ သက်ပြင်းချလိုက်ပြီး စိတ်ထဲက ညည်းညူမိတယ်။