အပိုင်း ၃၀၁

2.4K 280 0
                                    

[Unicode]

အပိုင်း ၃၀၁ (ဝံပုလွေတစ်ကောင်ဆီမှ ကယ်တင်ခံရခြင်း)

တော်ဝင်မင်းသားယန် အမိန့်ပေးပြီးတာနဲ့ လှေကားပေါ်မှာရှိနေတဲ့ အစောင့်တွေအားလုံး လေးကြိုးတွေကို ဆွဲပြီး သူတို့ရဲ့ မြားတွေကို ဂိတ်တံခါးဆီ ဝရုန်းသုန်းကား ပြေးလာတဲ့ ဝံပုလွေအုပ်ထဲသို့ လှမ်းပစ်ကြတယ်။ ချက်ချင်းပဲ နာကျင်ဝမ်းနည်းစွာ အော်ဟစ်နေတဲ့ စူးစူးဝါးဝါး အော်သံတွေက လေထဲမှာ ပျံ့နှံ့သွားတော့တယ်။
ဝံပုလွေခေါင်းဆောင်က အူသံတိုးတိုးကို ထုတ်လိုက်တော့ ဂိတ်တံခါးကို လာရောက် ဖျက်ဆီးရိုက်ခတ်နေတဲ့ ဝံပုလွေတွေက ပိုလို့ ရက်စက်ကြမ်းကြုတ်လာတယ်။ အချို့ ဝံပုလွေတွေက ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေမှာ သွေးတွေ တတောက်တောက် စီးကျနေကြလေပြီ။ ဂိတ်နားမှာရှိတဲ့ အစောင့်တွေက ဒုတိယမြှားချက်ကို လေးကြိုးပေါ်မှာ အေးအေးလူလူပဲ တင်လိုက်ပြီး အပြင်က ဝံပုလွေအုပ်ကို ဆက်လက် ပစ်ခတ်နေကြတယ်။ သူတို့ မြှားတစ်ခါဆွဲတိုင်း ဝံပုလွေအလောင်းတစ်ကောင်က အဖက်တင် ကျန်ခဲ့တယ်။
ဝံပုလွေအုပ်ကြီးက ဝံပုလွေခေါင်းဆောင်ရဲ့ နောက်ဆက်တွဲ အူသံနောက်ကို လိုက်ကာ ဘေးကင်းတဲ့နေရာဆီ ပြန်ဆုတ်ခွာကြတော့တယ်။ ဝံပုလွေခေါင်းဆောင်ရဲ့ မျက်လုံးတွေက ပတ်ချာလည်လှည့်နေတယ်။ ဘေးနှစ်ဖက်လုံးမှာ ထောင်ခြောက်ကျင်းတွေ ရှိနေပြီး ဂိတ်ပေါက်ဝကို မြှားမိုးတွေနဲ့ ကာကွယ်ထားတယ်။ ကြည့်ရတာ သူတို့ အစီအစဉ်ပြောင်းဖို့ လိုပြီ ထင်တယ်။ ယွီမိသားစုဆီ သွားရောက် ဖျက်ဆီးဖို့က ခွာရခက်တဲ့ သစ်ကြားသီးလိုမျိုးဆိုပေမယ့် ဝံပုလွေခေါင်းဆောင်က ပြန်ဆုတ်ခွာဖို့တော့ အစီအစဉ်မရှိပေ။ ယွီမိသားစုမှာက စားစရာတွေ အများကြီးရှိတယ်။ ဝံပုလွေအုပ်က အခု ဘာမှကို မစားရသေးတာမို့ ဆာလောင်နေကြတာမှ သေလုမတတ်ဘဲ။ ဒါကြောင့် အခုအနေအထား သေရင်မြေကြီး ရှင်ရင်ရွှေထီးပဲ!
ဝံပုလွေခေါင်းဆောင်က ကျန်တဲ့ ဝံပုလွေအုပ်ကို ဆုတ်ခွာတဲ့ အယောင်ပြလိုက်တယ်။ သူက ရန်သူတွေကို မပြတ်မသားဖြစ်အောင် လုပ်ရင်း သူတို့ရဲ့ အစောင့်အကြပ်ကို လျော့ချစေချင်တာပင်။ အိမ်ခေါင်မိုးပေါ် ထိုင်နေတဲ့ ကျူးကျွင်းယန်က အမိန့်ကို ညွှန်ကြားရင်း ဂိတ်ဝကအစောင့်တွေကို လှမ်းအော်လိုက်တယ်
"အုပ်စု ၁, ဂိတ်ကို စောင့်ကြပ်ဖို့ လူနှစ်ယောက် ဆက်နေခဲ့... ကျန်တဲ့နှစ်ယောက်က ခြံဝင်းနောက်ကို ကူဖို့ပြင်... အထိန်းတော်ခေါင်းဆောင်လျိူ, ဝံပုလွေတွေက အငြိုးကြီးတယ်... သူတို့ ဒီမှာ မအောင်မြင်ရင် သေချာပေါက် ဘာပဲဖြစ်နေဖြစ်နေ ဒီတိုင်း ထွက်သွားမှာ မဟုတ်ဘူး... ချန်းမိသားစုရဲ့ ခြံနောက်ဖေးကိုတောင် အလွယ်တကူ ဝင်နိုင်တယ်ဆိုတော့ သူတို့ သေချာပေါက် ခြံနောက်ကို လာတိုက်ခိုက်ကြလိမ့်မယ်... နောက်ဖေး တံတိုင်း ၃ ခုကို သေချာ စောင့်ကြပ်ဖို့ လူအချို့ခေါ်သွားလိုက်!"
လရောင်အောက်မှာ အစောင့်နှစ်ယောက်က လျင်မြန်စွာနဲ့ ခြံရှေ့ဂိတ်တံခါးကနေ ခြံနောက်ကို ပြေးသွားကြတယ်။ သူတို့ရဲ့ ခြေထောက်တွေနားမှာ ကပ်ပြီးလိုက်နေတဲ့ အဖြူနဲ့ အမဲ အရိပ်သေးသေးလေး နှစ်ခုလည်းပါရှိတယ်။ အဲ့ဒီ အရိပ်နှစ်ခုရဲ့ အရှိန်က အစောင့်တွေရဲ့ အရှိန်ထက် နည်းနည်းလေးမှ မနှေးပေ။
ကျူးကျွင်းယန်ကလည်း အဲ့ဒီ အမွှေးလုံးလုံးနဲ့ ပုံစံတူတဲ့ ခွေးပေါက်လေးနှစ်ကောင်ကို သတိထားမိတယ်။ သူက မနေနိုင်စွာနဲ့ ချီးကျူးတော့တယ်။
" ရှောင်ချောင်း, သူများတွေပြောတာ ခွေးတွေက သူတို့ သခင်နဲ့ အနီးစပ်ဆုံး တူကြတယ်တဲ့... အဲ့ဒါ တကယ်မှန်တာပဲ... မင်းအိမ်က မင်းရဲ့ ခွေးပေါက်လေး နှစ်ကောင်ကလည်း မင်းလိုပဲ ဆင်ခြင်ဉာဏ်မရှိလောက်အောင် သတ္တိရှိတာပဲ! အစောက အပြင်ဘက်မှာ ဆာလောင်နေတဲ့ ဝံပုလွေအုပ်ကြီး ရှိခဲ့တာတောင် တစ်စက်လေးမှ မကြောက်ဘဲ အစောင့်တွေနဲ့ ခြံနောက်တောင် လိုက်သွားသေးတယ်... ကျွတ် ကျွတ်... ကျွတ်... ငါ သူတို့ကို သတ္တိရှိတယ်လို့ပဲ ချီးကျူးရမလား ကိုယ့်အစွမ်းအစကိုယ် ယုံကြည်မှု လွန်ကဲနေတယ်လို့ပဲ ပြောရမလား"
ယွီရှောင်ချောင်းကလည်း ခေါင်မိုးထပ်မှာပဲ ရှိနေသေးတယ်။ သူမက သူမရဲ့ အဖြူအမဲ ဝံပုလွေ ပေါက်စလေးနှစ်ကောင်က မွှေးပွဘောလုံးလေးလို ခုန်ပေါက်ပြီး အစောင့်တွေ နောက် လိုက်သွားတာကို ကြည့်လိုက်တယ်။ သူတို့က သူတို့ရဲ့ ရှေ့ခြေထောက်တွေကို ဆန့်ထုတ်ပြီး ခန္ဓာနောက်ပိုင်းကို မြှောက်ရင်း ဂိတ်တံခါးက အက်ကြောင်းကြားကနေ အူတယ်။
ခြံနောက်မှာ တစ်ကောင်ကို အလေးချိန် ကျင်း ငါးဆယ်ခြောက်ဆယ်လောက်ရှိပြီဖြစ်တဲ့ ဝက်နှစ်ကောင်လည်း ရှိတယ်။ သူတို့ ပုံစံက ချဉ်းကပ်တော့မယ့် အန္တရာယ်ကို အာရုံရကာ ခိုလှုံနေသည့်နှယ် စူးစူးဝါးဝါး အော်သံတွေကို ထုတ်တော့တယ်။ လှောင်အိမ်ထဲက ယုန်ရိုင်းတွေကလည်း ထောင့်တစ်နေရာမှာ စုပြုံကပ်ပြီး ထိတ်လန့်မှုကြောင့် တုန်ယင်နေကြတယ်။ ခြံထဲက ဒရယ်ငယ်လေးကလည်း စိုးရိမ်ကြောင့်ကြနေတဲ့ အမူအရာနဲ့ အရှေ့အနောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေတယ်။ တစ်အောင့်လောက်နေတော့ သူက ခေါင်းကို မော့ကာ အသံတွေကို နားထောင်ဖို့ နားစွင့်လိုက်တယ်။ သူ့ရဲ့ အမြှီးကလည်း ထောင်မတ်နေပြီး အသဲပုံစံဖြစ်နေတဲ့ အမွှေးဖြူတွေကို ဖော်ပြနေတယ်။
အသေအချာပင်... တော်ဝင်မင်းသားယန် ခန့်မှန်းထားသလိုပဲ ဝံပုလွေအုပ်က ကွေ့ရှောင်လမ်း အရှည်ကြီးကို သွားပြီး ရေကန်ဘေးကပ်လျက်ကနေ တွားသွားလာကြပြီး ခြံနောက်တံခါးကို စတင် တိုက်ခိုက်ကြတယ်။ ခြံနောက်မှာ ချထားတဲ့ အစောင့်တွေလည်း သူတို့ သခင်အမိန့်ပေးစရာတောင် မလိုဘဲ တဟုန်ထိုးလာနေတဲ့ ဝံပုလွေတွေဆီ မြှားတွေကို လျင်မြန်စွာ ပစ်တော့တယ်။ မြှားတစ်ခုလေးကိုတောင် ပစ်မှတ်ဆီကနေ အလွဲမခံပေ။ ခဏလောက်နေတော့ မြေပေါ်မှာ ဝံပုလွေ ခုနှစ်ကောင် ရှစ်ကောင်လောက် သေပြီး လဲနေကြပြီ။
ဝံပုလွေ အကောင်သုံးဆယ်ကျော်ကျော်လောက်က နည်းတဲ့ ပမာဏတော့ မဟုတ်ပေ။ သို့သော်လည်း ဝံပုလွေလေးငါးကောင်လောက်က ချန်းမိသားစုအိမ် အပြင်ဘက်က ထောင်ခြောက်ထဲမှာ မိခဲ့ပြီးပြီ။ အခြား အငမ်းမရဖြစ်နေတဲ့ ဝံပုလွေငါးကောင်ကလည်း ယွီမိသားစု တံတိုင်းမှာရှိတဲ့ ထောင်ခြောက်ကျင်းထဲက သားကောင်တွေ ဖြစ်နေကြပြီ။ အရှေ့တံခါးမှာတော့ အခြား ငါးကောင် ခြောက်ကောင်လောက်က မြှားတွေနဲ့ သုတ်သင်ခံနေရပြီး နောက်ထပ် ခုနှစ်ကောင် ရှစ်ကောင်လောင်က အနောက်ခြံတံခါး အဝမှာ သေနေကြပြီ။ အားလုံးခြုံကြည့်လိုက်ရင် အခု ဝံပုလွေ အကောင် နှစ်ဆယ့်သုံးကောင် နှစ်ဆယ့်လေးကောင်လောက်က အသတ်ခံရပြီးပြီ။
ကျူးကျွင်းယန်က ပိန်လှီနေတဲ့ ဝံပုလွေ တစ်ဒါဇင်ကို တွေ့ပြီး သူတို့တွေ အရှေ့ဘက် ခြံဝင်းထဲမှာ ရှိနေကြောင်း အစောင့်တွေကို အချက်ပြလိုက်တယ်။ အစောင့် ခုနှစ်ယောက် ရှစ်ယောက်လောက်က ဂိတ်တံခါးကို တိတ်တဆိတ် ဖွင့်လိုက်ပြီး အဝေးကနေ ဝံပုလွေအုပ်ကို လူနံ့ပေးလိုက်တယ်။ ယွီဟိုင်ကလည်း သူတို့နဲ့အတူ လိုက်ပါသွားတယ်။ သူ့လက်ထဲမှာ လေးနဲ့ မြှားကို ကိုင်ထားပြီး ကျောမှာလည်း အမဲလိုက် ခက်ရင်းခွကို လွယ်ထားတယ်။ ယွီဟိုင်ကလည်း ဝံပုလွေအုပ်တွေ အငြိုးကြီးကြောင်း သိတယ်။ သူတို့ကို တစ်ခါတည်း သတ်ပစ်ရင် သတ်ပစ် မဟုတ်ရင် ဝေးဝေးသာ ရှောင်နေတော့ပဲ။ အခု သူ့မိသားစုက ဝံပုလွေအုပ်နဲ့ ပဋိပက္ခ ဖြစ်ထားပြီးပြီဆိုတော့ တစ်ခါတည်း အမြစ်ပြတ် သုတ်သင်လိုက်မှပဲ ရမယ်။ မဟုတ်ရင် သူ့မိသားစုက အနာဂတ်မှာ ကံဆိုးမိုးမှောင် ကျလိမ့်မယ်။
ဝံပုလွေခေါင်းဆောင်က ခြံဝင်းနောက်မှာ သူတို့ကို တိုက်ခိုက်နေတဲ့ အရာတွေက တောင်ဘက်အရပ်က လာနေတာကို သတိပြုမိတော့ ပြန်လည်ဆုတ်ခွာဖို့ အမိန့်ပေးလိုက်တယ်။ အဲ့ဒီအချိန်မှာ ဝံပုလွေအုပ်က ဆယ်ကောင်တောင် မကျန်တော့။ ဝံပုလွေခေါင်းဆောင်က ပြန်မလှည့်ခင်မှာ ခေါင်မိုးထပ်မှာ ရှိနေတဲ့ ယွီရှောင်ချောင်းဆီ မုန်းတီးခြင်း အပြည့်ပါတဲ့ အကြည့်တွေနဲ့ ကြည့်တယ်။ အဲဒီဝံပုလွေရဲ့ ပုံစံက သူတို့ကို 'မင်းတို့ နောက်ဆို အိမ်ကို ပစ်မထားကြနဲ့ မဟုတ်ရင်တော့လား...' ဆိုပြီး ခြိမ်းခြောက်သတိပေးနေတဲ့ အတိုင်းပင်။
ရှောင်ချောင်းက အောက်တန်းစား သားရိုင်းကောင်ကြီး သူမကို ခြိမ်းခြောက်သွားတာကို ကြည့်ပြီး အံ့ဖွယ်ကျောက်တုံးလေးဆီ တိတ်တဆိတ် ပြဿနာရှာ ညည်းညူလိုက်တယ်။
[မင်း တိရိစ္ဆာန် ဘာသာစကားကို နားလည်မှန်း ငါသိပါတယ်... အဲ့ဒါကြီးကို ထုတ်မကြွားစမ်းပါနဲ့လား... မင်း အခုဘာမှသာ မလုပ်နိုင်တာ ဟို အစုတ်အပြတ် ဝံပုလွေ ငါ့ကို ဘာပြောလဲဆိုတာကျ တကူးတက ဘာသာပြန်ပေးဖို့ တတ်တယ်...]
အံ့ဖွယ်ကျောက်တုံးလေးက ဒေါကန်သွားတယ်။
[အလုပ်မရှိတာက အလုပ်မရှိတာပဲ! အဲ့ ဝံပုလွေအုပ်ကို အခုနေ အမြစ်ဖြတ် သုတ်သင်မှပဲ ရမယ်... မဟုတ်ရင် မင်းရဲ့ မိသားစု နောက်ဆို အေးအေးချမ်းချမ်းနေနိုင်မှာ မဟုတ်ဘူး... သူခိုးတွေက ရက်တစ်ထောင်လောက် တဝဲလည်လည် လုပ်နေလို့ရပေမဲ့ လူတွေက အဲ့ဒီသူခိုးတွေ ရန်ကနေ အချိန်တစ်ထောင်လုံး မကာကွယ်နိုင်ဘူးတဲ့... အဲ့ဒီ စကားပုံက ဒီလို ဝံပုလွေတွေကို ပြောချင်တာပဲ]
အနောက်ဘက် တောင်ခြေတွေမှာ ခြုံခိုတိုက်ဖို့ စောင့်နေတဲ့ အစောင့်တွေက ရှုံးနိမ့်ပြီး ပြန်လာတဲ့ ဝံပုလွေတွေနဲ့ စတင် တိုက်ခိုက်နေကြပြီ။ အဲ့ဒီ အစောင့်တွေက ထူးထူးခြားခြားကို စွမ်းရည်ပြည့်ဝ ကြတယ်။ သူတို့ရဲ့ ပထမမြှားတွေက ဝံပုလွေတွေကို ချက်ချင်း မသေစေနိုင်တာတောင် ဓားချွန်တွေကို အမြန် ထုတ်ပြီး တိုက်ခိုက်ကြတယ်။ မျက်စိ တစ်မှိတ်အတွင်းမှာပဲ ဝံပုလွေအုပ်က အသတ်ခံလိုက်ရလေပြီ။
ဝံပုလွေ ခေါင်းဆောင်က သူတို့ ချက်ကောင်းကို အကိုင်ခံနေရပြီဆိုတာ သိတယ်။ ထပ်ပြီး လွတ်လမ်းမရှိတာကို သိတာမို့ သူက ယွီဟိုင်ဆီကို ပြေးသွားတယ်။ ယွီဟိုင်က မြှားကို ဝံပုလွေခေါင်းဆောင်ဆီ လှမ်းပစ်လိုက်ပေမယ့် ထိုဝံပုလွေက အလျင်အမြန်ပဲ ရှောင်တိမ်းလိုက်တယ်။ သူ ဒုတိယမြှားကို လှမ်းပစ်ချိန်မှာတော့ သူတို့ အကွာအဝေးက အလွန်ကို နီးကပ်နေပြီ။ ဝံပုလွေခေါင်းဆောင်က မြှားဒဏ်ရာတွေရနေတာတောင် သူက အရှိန်မလျှော့ပဲ ပြေးလာနေတုန်းပဲ။ ပြီးနောက် သူက ပါးစပ်ကို ဟ ကာ အစွယ်တွေကို လှစ်ဟဖော်ပြရင်း ယွီဟိုင်ကို ခုန်အုပ်လိုက်တယ်။ မြှားက ဝံပုလွေရဲ့ ရှေ့ခြေထောက်ကို ထိမှန်သွားပြီးနောက် သွေးတွေ စီးကျလာတယ်။
ယွီဟိုင်ရဲ့ လက်တွေက လျင်မြန်ဖျတ်လက်တာကြောင့် သူက နောက်ကျောက အမဲလိုက် ခက်ရင်းခွကို ဆွဲထုတ်လိုက်နိုင်တယ်။ ပြီးနောက် မြန်မြန်ဆန်ဆန်ပဲ သားရဲကြီးရဲ့ မေးရိုးနှစ်ခုကြားကို ကန့်လန့်ထိုးစိုက်လိုက်တယ်။ ဒါပေမယ့် သူက ဝံပုလွေကောင်ကြီးရဲ့ အစွယ်တွေကို မပိတ်ဆို့နိုင်လိုက်ပေ။ ရှည်လျားပြီးနက်ရှိုင်းတဲ့ ကုတ်ခြစ်ရာတွေက ယွီဟိုင် ခန္ဓာကိုယ်မှာ ဖြစ်ပေါ်သွားပြီး သွေးတွေကလည်း စတင် ပန်းထွက်လာတယ်။ သွေးနံ့က သားရိုင်းကောင်ကြီးကို ပိုလို့ ကြမ်းကြုတ်အောင် ဆွပေးနေတာမို့ သူက လေထဲမှာ ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ လှန်ချလိုက်ပြီး သူ့ရဲ့ ကိုယ်လုံးကို ယွီဟိုင်ဆီ ပစ်ဆောင့်လိုက်တယ်။
ယွီဟိုင်က ဝံပုလွေခေါင်းဆောင်ရဲ့ တိုက်ခိုက်မှုကို ဒုတိယအကြိမ် ပိတ်ဆို့ဖို့ ထပ်မံ ကြိုးစားလိုက်ပေမယ့် သူက ဝံပုလွေရဲ့ အားနဲ့ ဖိချခံထားရလေတယ်။ ဝံပုလွေကြီးရဲ့ လက်သည်းချွန်တွေက ယွီဟိုင်ရဲ့ ပုခုံးနှစ်ဖက်ပေါ် ဖိချကုတ်ခြစ်နေတယ်။ သွားစွယ်တွေထဲမှာ သားသတ်ခက်ရင်းက ပိတ်ဆို့နေပေမယ့် ဝံပုလွေကြီးက မေးရိုးကြားက အဲ့ဒီ ခက်ရင်းကို ပျက်စီးသွားအောင် အစွမ်းကုန် ကြိုးစား ရုန်းကန်နေတုန်းပဲ။ သူက သူ့ကို ဆိုးဆိုးဝါးဝါး ဒဏ်ရာရအောင် လုပ်ထားတဲ့ စက်ဆုပ်ဖွယ် လူသားကို သတ်ဖို့ ပြင်းပြင်းထန်ထန် ဆန္ဒရှိနေတယ်။
အမဲလိုက်ခက်ရင်းအများစုက အသွားကို သံခက်ရင်း နဲ့လုပ်ထားပေမဲ့ လက်ကိုင်ကတော့ ရိုးရိုး သစ်သားနဲ့ပဲ လုပ်ထားတာ။ ဒီတော့ ရိုးရိုးသစ်သား အပိုင်းအစလေးက ဘယ်လိုလုပ်များ ဆာလောင်နေတဲ့ သားရိုင်းကောင်ကြီးရဲ့ မေးရိုးနဲ့ သွားတွေရဲ့ ခွန်အားကို တောင့်ခံနိုင်မှာလဲ? ဒါကြောင့် မကြာခင်မှာပဲ ဝံပုလွေကြောင့် ထောက်ခနဲ ကျိုးသွားတဲ့ အမဲလိုက် ခက်ရင်းခွရဲ့ အသံကို ကြားလိုက်ရတယ်။
အပုပ်နံ့ထွက်ကာ ဝင်းလက်သိပ်သည်းနေတဲ့ အဖြူရောင် သွားစွယ်ကြီးတွေက ယွီဟိုင်ရဲ့ လည်ပင်းဆီကို ဦးတည်နေလေပြီ။ အစောင့်တွေကလည်း အခြား ဝံပုလွေတွေနဲ့ တိုက်ခိုက်နေရတာဆိုတော့ ယွီဟိုင်ဘာဖြစ်နေသလဲဆိုတာကို ဘယ်သူမှ အာရုံစိုက်ဖို့ မအားပေ။ ယွီဟိုင်က သူ့လည်ပင်း နှစ်ပိုင်းကျိုးပြီး စွန့်စားမှရတော့မယ်ဆိုတာကို ယုံကြည်တာကြောင့် သူက အမဲလိုက်ခက်ရင်းရဲ့ အသွားကို ဝံပုလွေရဲ့ ရင်အုပ်တည့်တည့်ဆီ အညှာအတာကင်းမဲ့စွာ ထိုးစိုက်ချလိုက်တယ်။
ဝံပုလွေရဲ့ သွားတွေက နီးသထက် နီးလာပြီ။ သူတို့တွေက ယွီဟိုင်ရဲ့ လည်ပင်းကို ထိခါနီး အချိန်မှာပဲ ရုတ်တရက် ဘေးကနေ အင်အားကြီးမားတဲ့ တိုက်ခိုက်မှုတစ်ခုက ဝံပုလွေခေါင်းဆောင်ကို ယွီဟိုင်ရဲ့ အဝေးသို့ တွန်းထုတ်လိုက်တယ်။ ယွီဟိုင်က စက္ကန့်ပိုင်းလောက် အံ့ဩတုန်လှုပ်သွားပြီးတော့ သူ့လည်ပင်းကို ထိလိုက်တယ်။ သူအဆင်ပြေနေတယ်? ပြီးနောက် ယွီဟိုင်က သူ့ကို တိုက်ခိုက်ခဲ့တဲ့ ဝံပုလွေခေါင်းဆောင်ကို တန်ပြန်တိုက်ခိုက်နေတဲ့ ဝံပုလွေအား မြန်မြန် လှမ်းကြည့်လိုက်တယ်။ အဲ့ဒီ ဝံပုလွေက ငွေရောင်တောက်နေတဲ့ မီးခိုးရောင် ဝံပုလွေတစ်ကောင်ဖြစ်ပြီး အရွယ်အစားက လက်ရှိမှာ ကြမ်းကြုတ်စွာတိုက်ခိုက်နေတဲ့ ဝံပုလွေခေါင်းဆောင်ရဲ့ အရွယ်နဲ့ တူတူပင်။
ဝံပုလွေခေါင်းဆောင်က ဝံပုလွေတွေရဲ့ အမှန်တကယ် ခေါင်းဆောင်ပင်။ သူက ဒဏ်ရာတွေ ရနေတာတောင် အစောကလို ကြမ်းကြုတ်ပြီး ရက်စက်နေတုန်းပဲ။ ဒါပေမဲ့ မီးခိုရောင် ဝံပုလွေရဲ့ အရည်အချင်းကလည်း ခေါင်းဆောင် ဝံပုလွေထက်မလျော့ပေ။ သူက ခေါင်းဆောင် ဝံပုလွေကို လုံးဝ အရှုံးပေးဒူးထောက်သည်အထိ တိုက်ခိုက်နေတယ်။
အဲ့ဒီအချိန်မှာ ဝံပုလွေတွေနဲ့ တိုက်ခိုက်ပြီးတဲ့ အစောင့်တချို့က ယွီဟိုင်ဆီကို ရောက်လာကြတယ်။ သူတို့က ဝံပုလွေနှစ်ကောင် တိုက်ခိုက်နေကြတာကိုမြင်ပြီး ယွီဟိုင်ကို မေးတယ်
"ဒီမှာ ဘာတွေဖြစ်နေတာလဲ? ဒီမျိုးတူ တိရိစ္ဆာန်နှစ်ကောင်က ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေကြတာလဲ"
ယွီဟိုင်က ယုံရခက်တဲ့ပုံနဲ့ ကိုယ့်ကိုယ်ကို လှောင်ရယ်လိုက်ပြီး
"ဘယ်သူသိမှာလဲ? ကြည့်ရတာ သူတို့ ကျုပ်ကို စားဖို့ စားခွက် လုနေကြတာထင်ပါရဲ့... ဒီခေတ်ကြီးထဲ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ခွန်အားတောင့်ရတာ မကောင်းပါဘူးဗျာ!"
အစောင့်တွေက ရယ်တယ်။
"ခင်ဗျား အဆင်ပြေရဲ့လား? မြန်မြန်ပြန်ပြီး ဒဏ်ရာတွေကို ဆေးကုသင့်တယ်နော်! ဒီ နှစ်ကောင်ကို ကျုပ်တို့နဲ့ပဲ ထားခဲ့လိုက်တော့!"
သူတို့ စကားပြောပြီးချိန်မှာ ဝံပုလွေခေါင်းဆောင်က မီးခိုးရောင်ဝံပုလွေဆီမှာ မလှုပ်သာအောင် အချုပ်ခံထားရပြီး သူ့ရဲ့လည်ပင်းကလည်း ပေါက်ပြဲစုတ်ပြတ်နေပြီ ဖြစ်တယ်။ ဝံပုလွေခေါင်းဆောင်က မြေပေါ်မှာလှဲပြီး သူ့ရဲ့ နောက်ဆုံး ထွက်သက်ကို လွှတ်လိုက်တယ်။ မီးခိုးရောင်ဝံပုလွေက ယွီဟိုင်ကို ကြည့်လာတယ်။ ဒီလူ့ကိုယ်ပေါ်မှာ မိန်းကလေးရဲ့အနံ့ ရတယ်။ သူ လူမှားပြီး ကယ်လိုက်မိတာလား
မျက်စိတစ်မှိတ်အတွင်းမှာပဲ အဲ့ဒီ မီးခိုးရောင် ဝံပုလွေက အစောင့်တွေ ဝိုင်းတာကို ခံလိုက်ရလေပြီ။ အစောင့်အားလုံး ခုနှစ်ယောက်ရှစ်ယောက်လောက်ရှိပြီး သူတို့အားလုံးက အလွန် ကျွမ်းကျင်ရုံတင်မက လက်ထဲက ချွန်မြနေတဲ့ ဓားတွေကိုလည်း မီးခိုးရောင် ဝံပုလွေဆီ ဦးတည်ထားကြတယ်။
ဝံပုလွေက ထွက်ပြေးဖို့ လွတ်လမ်း ရှာနေသည့်နှယ် အစောင့်တွေကို သတိရှိစွာ ကြည့်လိုက်တယ်။ အာရှီး! ကောင်းမှု လုပ်လည်း အလကားပါပဲ! လူတစ်ယောက်ကို ကယ်ဖို့ အခု သူ့အသက်ပါ စွန့်လွှတ်ရတော့မယ်!
အစောင့်တွေထဲက တစ်ယောက်က ခဲရောင် ဝံပုလွေကို စစ်ဆေးလိုက်ပြီး ပြောတယ်။
"ဒီတစ်ကောင်က အစောက ဝံပုလွေအုပ်နဲ့ တူပုံမရဘူး... သူ့မှာ အရမ်းလှတဲ့ အမွှေးတွေရှိတယ်... ကျွန်တော် ဒီဝံပုလွေကို လုံးဝ ထပ်ရွေးနိုင်တယ်"
ယွီဟိုင်က ချီတုံချတုံဖြစ်စွာ ပြောတယ်။
" ဒီဝံပုလွေက ကျုပ်ကို ကယ်ခဲ့တာ! သူ့ကို... လွှတ်ပေးလိုက်ရင်ရော"
ဒုတိယအစောင့်က ပိုပြီးသတိရှိတဲ့ ပုံစံရှိပြီး သူက ခေါင်းကို ခါကာ
" ဒီဝံပုလွေ ဝံပုလွေအုပ်ထဲ ပါတာမပါတာက အရေးမကြီးပါဘူး... ဝံပုလွေတွေက အမြဲ ကြမ်းကြုတ်တဲ့ သဘာဝရှိတာ... အခု ကျုပ်တို့ လွှတ်ပေးလိုက်ရင် နောင် ရွာထဲကို ဝင်ပြီး ဒုက္ခပေးမှာ စိုးရတယ်..."
ထိုစကားက ယွီဟိုင်ရဲ့ စိတ်ကို အနည်းငယ်တော့ ယိမ်းယိုင်စေတယ်။ ဘယ်ဝံပုလွေကများ ဥပုသ်စောင့်လို့လဲ? သူ့ကလေးတွေက အမြဲ ကျိုင်းကောင်တွေ ဖမ်းပြီး ထောင်ခြောက်တွေ ထောင်ဖို့ အနောက်ဘက် တောင်ပေါ်ကို သွားလေ့ရှိတယ်။ တကယ်လို့များ ဒီဝံပုလွေနဲ့ တွေ့ခဲ့ရင် သူတို့ ဘာဖြစ်သွားမလဲ? ကလေးတွေ အန္တရာယ်ဖြစ်မှာကို စဉ်းစားမိတော့ ယွီဟိုင်ရဲ့ နှလုံးသားက မာကြောသွားရတယ်။
တင်းကြပ်နေတဲ့ အခြေအနေမှာ မီးခိုးရောင်ဝံပုလွေက သေမင်းနှုတ်ခမ်းဝကို ရောက်နေရပြီ... အဲ့ဒီအချိန်မှာပဲ ပုံရိပ်သေးသေးလေး နှစ်ခုက ပထမနဲ့ဒုတိယ အစောင့် ခြေထောက်တွေ နားကနေ ဖျစ်ညှစ် ထွက်လာကြတယ်။ သူတို့ ငုံ့ကြည့်မိတော့ ယွီဟိုင်တို့ အိမ်က ခွေးပေါက်လေးနှစ်ကောင်ဖြစ်တဲ့ ဖြူလုံးနဲ့မဲလုံးတို့ပင်။
ထို ခွေးပေါက်လေးနှစ်ကောင်က မီးခိုရောင်ဝံပုလွေကြီးနားမှာ ဝန်းရံပြီး ခုန်ပေါက်နေကြတယ်။
ယွီဟိုင်က ထိတ်လန့်သွားပြီး အမြန်အော်လိုက်တယ်။
"ဖြူလုံးနဲ့ မဲလုံး! ပြန်လာ..."
ဒါပေမယ့် သူ့ရှေ့က မြင်ကွင်းကို မြင်တော့ ယွီဟိုင်က တစ်ဝက်တစ်ပျက်နဲ့ နှုတ်ဆိတ်သွားရတယ်။ ထင်မှတ်မထားစွာနဲ့ ဝံပုလွေပေါက်လေးနှစ်ကောင်က မီးခိုရောင် ဝံပုလွေကြီးရဲ့ ခြေထောက်တွေနား ပြေးသွားပြီး သူ့အရှေ့မှာ ချစ်စရာကောင်းပြီး အလိုလိုက်ခံထားရတဲ့ ကလေးလေးတွေလို ခုန်ပေါက်နေကြတယ်။ မဲလုံးလေးဆို မီးခိုရောင်ဝံပုလွေရဲ့ အမွှေးတွေပေါ် တတိတိကိုက်နေပြီး ဒန်းလိုတောင် လွှဲယမ်းနေလိုက်သေးတယ်။
မီးခိုရောင် ဝံပုလွေကြီးရဲ့ မြစိမ်းရောင် မျက်လုံးတွေထဲမှာ အချစ်ရိပ်တွေ ယိုဖိတ်နေတယ်။ သူက ခေါင်းကို ငုံ့လိုက်ကာ လျှာထုတ်ပြီး ဖြူလုံးလေးနဲ့ မဲလုံးလေးပေါ်ကို ညင်သာစွာ ပွတ်သပ်ပေးနေတယ်။ ပေါက်စလေးနှစ်ကောင်ကလည်း ဝံပုလွေကြီးရဲ့ အနာတွေကို တရင်းတနှီးနဲ့ လျှက်ပေးနေကြတယ်။ သူတို့လေးတွေ တအီအီ အော်ကာ ညည်းညူနေပုံက 'အဖေ, နာနေလားဟင်? ကျွန်တော်တို့ အုံဖွလုပ်ပေးမယ်နော် အဲ့လိုဆို အဖေမနာတော့ဘူး!' ဆိုတဲ့ ပုံစံမျိုးလေး ဖြစ်နေတယ်။
ပထမ အစောင့်က အံ့ဩစွာနဲ့ အာမေဋိတ်သံပြုတယ်
" ဒီကလေးတွေကိုယ်ထဲမှာ ဝံပုလွေတွေရဲ့ သွေးတွေ စီးဆင်းနေတာပဲ... ကြည့်ရတာ ဝံပုလွေလေးတွေရဲ့ အဖေများလား"
ဒုတိယ အစောင့်က ခေါင်းညိတ်လိုက်ပြီး
"ဒီဝံပုလွေကြီး ဘာလို့ နောင်ကြီး ယွီဟိုင်ကို ကယ်လိုက်လဲဆိုတာ အံ့ဩစရာမရှိတော့ဘူး! သူက နောင်ကြီး ကိုယ်ပေါ်မှာ သူ့ကလေးတွေ အနံ့ရလို့နေမယ်... ကျုပ်ပြောချင်တာတော့ ဒီ ဝံပုလွေကြီးက အတော်ခံ့ညားတာပဲရော်... သူ့ အမွှေးတွေက ငွေရောင်တောက်ပြီးတော့ မျက်လုံးတွေကလည်း ကျုပ်တို့ သခင် အနောက်ကမ္ဘာခြမ်းက ဝယ်လာတဲ့ မြကျောက်ရောင်အတိုင်းပဲ... သူ့ကြည့်ရတာ လူယဉ်ပြီး ဉာဏ်ကောင်းတဲ့ပုံပဲ!
ပထမအစောင့်က သူ့ရဲ့ ရဲဘော်နဲ့ အကြည့်ချင်း ဖလှယ်လိုက်ပြီးပြောတယ်။
"ဒါဆို ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ? ဒီ ဝံပုလွေကို သတ်ဦးမှာလား"
ဖြူလုံးလေးနဲ့မဲလုံးလေးတို့က နေ့တိုင်း ယွီရှောင်ချောင်း အံ့ဖွယ်ကျောက်တုံးရေ တိုက်တာကို ခံထားရတာပင်။ ဒါကြောင့်သူတို့က လူသားတွေရဲ့ အချို့သော ရိုးရှင်းတဲ့ စကားတွေကို နားလည်နိုင်ကြတယ်။ ပထမ အစောင့် နှုတ်ကနေ "သတ်ဦးမလား " ဆိုတဲ့ စကားကို ကြားတော့ သူတို့က ဒေါသထွက်နေတဲ့ ဖြူကောင်ငယ်လေးတွေလို အမွှေးတွေကို ထောင်ပစ်လိုက်တယ်။
အဲ့ဒီအချိန်မှာပဲ ရှောင်ချောင်းက တော်ဝင်မင်းသားနဲ့အတူ ရောက်လာကြတယ်။ သူမက စပ်စပ်စုစုနဲ့ အစောင့်တွေဝိုင်းထားတဲ့ အလည်ကို ကြည့်လိုက်တယ်။ လရောင်အောက်မှာ သူမက ရင်းနှီးနေတဲ့ ငွေရောင် ပုံရိပ် တစ်ခုကို မြင်လိုက်ရတယ်။

သက်တန့်ရောင်မိန်းမပျို Book 2 (MMTranslation)Where stories live. Discover now